မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများတွင် လုံခြုံရေးချထားပြီး ဒေသခံများကို အသွားအလာ ကန့်သတ်

COVID-19 လူနာ၏ မိသားစုဝင် (၇)ဦးကို စောင့်ကြည့်စစ်ဆေးနေပြီး မီနီအိုးဝေမောင်းသူ လာရောက်အစစ်ခံ

Mandalay In-depth News၊ မတ်-၂၇

မန္တလေးမြို့၌ ပထမဆုံးသော COVID-19 ရောဂါ ကူးစက်ခံရသူ အသက်(၃၃)နှစ်အရွယ် အမျိုးသားနေထိုင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာ တိုက်ခန်းအချို့တွင် လုံခြုံရေးအချို့ ချထားပြီး ဒေသခံအချို့ကို အသွားအလာ ကန့်သတ်ပိတ်ပင်ထားကြောင်း မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

အဆိုပါ COVID-19 ရောဂါပိုး တွေ့ရှိသူ အမျိုးသားသည် မြရည်နန္ဒာရပ်ကွက် တန်ဘိုးမျှတ အိမ်ယာ မမ/၂၇၊ တိုက်အမှတ် (၆)ရှိ အခန်းတစ်ခန်းတွင် နေထိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် တိုက်အမှတ်(၆)ရှိ အခန်း(၁၆)ခန်းမှ ဒေသခံများကို အပြင်ထွက်ခွင့်မပြုဘဲ အသွားအလာ ကန့်သတ်ထားသလို ပိုးသတ်ဆေးဖြန်းလျှက် ရှိသည်ဟု မြရည်နန္ဒာရပ်ကွက် ရာအိမ်မှူး ဦးလှဌေးက ပြောသည်။

“ဒီတိုက်ခန်းက လူတွေကို အပြင်ဘက်မထွက်ဖို့။ တိုက်တစ်တိုက်ကို ၄ ခန်းတွဲ ၄ ထပ်ဆိုတော့ အားလုံး ၁၆ ခန်းရှိတယ်။ ၃ ခန်းက မနေဘူး။ မရှိဘူး။ ရှိတဲ့ လူ ၁၃ ခန်းကို သူတို့အခန်းထဲမှာ နေခိုင်းထားပါတယ်။ လိုအပ်လို့ ဆက်သွယ်တာကို ကျွန်တော်တို့ အောက်ကနေ ပံ့ပိုးပေးပါတယ်ခင်ဗျ”ဟု ဦးလှဌေးက ပြောသည်။

လက်ရှိတွင် အဆိုပါ တိုက်ခန်းများအနီး အောင်ပင်လယ်ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးယူထားပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

“ဒီအခန်းတွေကို ၁၄ ရက်တော့ စောင့်ကြည့်ရမယ်။ သူတို့ကို အပြင်ဘက် မထွက်ပေးဖို့ စောင့်ကြည့်ပေးရမယ်။ လုံခြုံရေးတွေချထားပြီး လုံခြုံရေးဆောင်ရွက်ထားရမယ်။ အထက်ကလူကြီးတွေရဲ့ ညွှန်ကြားချက်အရ”ဟု ဦးလှဌေးက ၎င်းတို့လုပ်ဆောင်နေမှုများကို ရှင်းပြသည်။

COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ အမျိုးသားကို ကားဂိတ်မှ နေအိမ်သို့ ပို့ဆောင်ပေးခဲ့သည့် သုံးဘီးယာဉ်မောင်းအမျိုးသား ကျန်းမာရေးဌာနသို့ ဆက်သွယ်သတငိးပို့စဉ်/ Photo - KP
COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ အမျိုးသားကို ကားဂိတ်မှ နေအိမ်သို့ ပို့ဆောင်ပေးခဲ့သည့် သုံးဘီးယာဉ်မောင်းအမျိုးသား ကျန်းမာရေးဌာနသို့ ဆက်သွယ်သတငိးပို့စဉ်/ Photo – KP

ထို့အပြင် အဆိုပါ လူနာ၏ မိသားစုဝင် (၇)ဦးကိုလည်း စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်ရန် ကားဖြင့် ခေါ်ဆောင်သွားပြီဟု မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က ပြောသည်။ မိသားစုဝင်များမှာ လူနာအမျိုးသား၏ ဇနီး၊ သား၊ ယောက္ခမနှင့် အခြား မိသားစုဝင်များ ဖြစ်သည်ဟု ဆိုသည်။

“လူနာရဲ့မိသားစုဝင်က အိမ်ကနေ ခေါ်သွားတာက (၅) ဦး၊ သူ့အမျိုးသမီးက ဟိုရက်ကတည်းက သူနဲ့အတူရောက်နေတာ သူအပါအဝင်ဆို အားလုံးပေါင်း (၇)ဦးပေါ့။ Positive လူနာနဲ့ သူ့အမျိုးသမီးက ကန်တော်နဒီမှာ။  ကျန်တဲ့ (၅) ယောက်က နဒီမြန်မာမှာ” ဟု ချမ်းမြသာစည်မြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောသည်။

မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP
မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP

အဆိုပါ COVID-19 ရောဂါပိုး တွေ့ရှိသူ အမျိုးသားသည် အမေရိကန်နိုင်ငံသား ခံယူထားသည့် အသက်(၃၃)နှစ်အရွယ် မြန်မာလူမျိုးဖြစ်ပြီး မတ်လ(၁၉)ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ်လ(၁၉)ရက်၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် မတ်လ(၂၀)ရက်၊ ည(၁၀)နာရီတွင် ခိုင်မန္တလေး အဝေးပြေး မှန်လုံယာဉ်ဖြင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ လာရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

၎င်းသည် မန္တလေးမြို့သို့ ရောက်ရှိနေထိုင်လျှက်ရှိရာ မတ်လ(၂၂) ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ(၂၅) ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပြသခဲ့ရာမှ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့ပြီး COVID-19 စောင့်ကြည့်လူနာအဖြစ် ထားရှိကုသပေးခဲ့သည်။ ထို့အနောက် အဆိုပါ အမျိုးသား၏ ဓါတ်ခွဲနမူအား စစ်ဆေးရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ယနေ့ မတ်လ(၂၇)ရက်တွင် သတင်းထုတ်ပြန်သည်။

မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP
မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP

အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည် ဖြစ်ကြောင်းနှင့်  အဆိုပါဓ ာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင်မူ အထက်ပါ COVID-19 ရောဂါပိုး တွေ့ရှိသူ အမျိုးသားကို ကားဂိတ်မှ နေအိမ်သို့ လိုက်လံပို့ဆောင်ပေူခဲ့သည့် မီနီအိုးေ၀ သုံးဘီးယာဉ်မောင်း အမျိုးသားက ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့သည်။ သတင်းများ တွေ့ရှိသဖြင့် လာရောက် ဆက်သွယ်ခြင်း ဖြစ်သည်ဟု သုံးဘီးယာဉ်မောင်း အမျိုးသားက ပြောသည်။

“အဲ့ဒီ အကိုကြီးက ဒီမှာဆင်းခဲ့တာ။ သူ့တပည့်က အောင်ပင်လယ် လက်ဖက်ရည်ဆိုင်မှာ ဆင်းခဲ့တာ။ သုံးဘီးမောင်းနေရင်းနဲ့ သူ့တပည့်က ဖုန်းဆက်တာပေါ့နော။ အခုကတော့ အဖျားကတော့ မရှိပါဘူး။ ဒါပေမယ့် သူ့ဖာသာသူ အစိုးရိမ်လွန်နေတာပဲ နေမှာပါတဲ့။  အဲ့လိုမျိုးပြောတာ ကျွန်တော်ကြားတာလေ။ အဲ့ကတည်းက သူ့ကိုယ်သူ သံသယရှိနေတာ တူပါတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP
မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP

တချိန်တည်းမှာပင် အထက်ပါ COVID-19 လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် မြရည်နန္ဒာ ရပ်ကွက် အုပ်ချုပ်ရေးမှူးသည်လည်း နေအိမ်တွင် အသွားအလာ ကန့်သတ်နေထိုင်ခြင်း (Home Quarantine) အဖြစ် နေထိုင်နေသည်ဟု ဆိုသည်။

“ကျွန်တော်က မနေ့က သူ့ကို ဆေးရုံ စပို့စဉ်မှာ ကျွန်တော်က အနီးကပ်ထိတွေ့ခဲ့ရတော့ သူနဲ့ ပြောခဲ့တဲ့သူဆိုတော့ ကျွန်တော့်ကို အိမ်မှာနေခိုင်းဖို့ ပြောတယ်။ ကျွန်တော်က Home quarantine လုပ်နေတာ” ဟု မြရည်နန္ဒာရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးမင်းဇော်က Mandalay In-depth News အား ပြောသည်။

အဆိုပါ လူနာနှင့် ထိတွေ့ခဲ့သူများ၊ မတ်လ(၂၀)ရက် ည(၁၀)နာရီ ခိုင်မန္တလေး မှန်လုံယာဉ်ဖြင့် စီးနင်ခဲ့သူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ရန် ဝန်ကြီးဌာနက တိုက်တွန်းထားပြီး ခိုင်မန္တလေး ယာဉ်လိုင်းကလည်း အစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု Mandalay In-depth News အား ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှတဆင့် ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်း SRT အဖွဲ့ တာဝန်ရှိသူများ၊ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ မန္တလေးဆေးရုံကြီးနှင့် မန္တလေးကန်တော်နဒီ ဆေးရုံ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားသူ မရှိပါ။

ယနေ့ မတ်လ(၂၇)ရက်အထိ မြန်မာနိုင်ငံတွင် covid-19 ရောဂါ ဖြစ်ပွားသူ (၅)ဦး ရှိပြီး အဆိုပါ လူနာများအားလုံးမှာ အမျိုးသားများဖြစ်သလို အမေရိကန်၊အင်္ဂလန်၊ သြစတြေးလျစသည့် အနောက်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်သည်။ ရန်ကုန်တွင် သုံးဦး၊ မန္တလေးနှင့် ချင်းပြည်နယ် တီးတိန်မြို့တွင် တစ်ဦးစီဖြစ်သည်။

မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP
မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP

မန္တလေးရှိ COVID-19 လူနာ နေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများကို ယနေ့ မတ်လ(၂၇)ရက်တွင် တွေ့ရစဉ်/ KP

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်