မောင်မင်းမော် ၊ ဇန်နဝါရီ-၅
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ (၁၀၀)ကျော် ရှိခဲ့ပြီး ယခင်နှစ်ထက် သေဆုံးသူ ပိုများခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
၂၀၁၉ ဇန်နဝါရီ(၁)ရက်မှ ဒီဇင်ဘာလကုန်အထိ တစ်နှစ်အတွင်း အမြန်လမ်းကြီးတလျှောက် ယာဉ်မတော်တဆမှုပေါင်း (၅၂၁)မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား(၆၇)ဦး အပါအဝင် သေဆုံးသူ(၁၀၆)ဦး ရှိခဲ့သည်။ အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀၀)ကျော် ရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမြန်လမ်းတလျှောက် ၂၀၁၉အတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ အရေအတွက်မှာ ယခင် ၂၀၁၈ ထက် ပိုမိုများပြားခဲ့သည်။ ၂၀၁၈အတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှု (၄၇၄)မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၀၃)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၈၈၄)ဦး ရှိခဲ့သည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၉ခုနှစ်အတွင်း အမြန်လမ်းမကြီးတလျှောက် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများမှာ ယာဉ်မောင်းသူကိုယ်တိုင် အိပ်ငိုက်ခြင်းနှင့် အရှိန်လွန်မောင်းနှင်ခြင်း တို့ကြောင့် အဓိကဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇာနည်မောင်က Mandalay In-depth News အား ပြောသည်။
“လူရယ်၊ ယာဉ်ရယ်၊ လမ်းရယ်၊ ရာသီဥတုရယ် ဒီလေးမျိုးရှိတဲ့ အထဲက အဓိက လူကြောင့် ဖြစ်တာ များတယ်”ဟု ရဲမှူးဇာနည်မောင်က ပြောသည်။
အမြန်လမ်းတလျှောက် ၂၀၁၉ခုနှစ်အတွင်း လအလိုက် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု အခြေအနေများအရ အောက်တိုဘာတွင် ယာဉ်မတော်တဆမှု (၆၃)မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၅)ဦးဖြင့် ယာဉ်မတော်တဆမှုနှင့် သေဆုံးမှု အများဆုံးလ ဖြစ်ခဲ့ကာ စက်တင်ဘာမှာ ယာဉ်မတော်တဆမှု (၃၂)မှု၊ သေဆုံးသူ(၈)ဦးဖြင့် အနည်းဆုံး ဖြစ်ပွားသည့်လ ဖြစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် အမြန်လမ်းမကြီးတစ်ခု၏ အရည်အသွေး သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှု မရှိခြင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်း၊ ယာဉ်ကြံခိုင်မှုနှင့် အသုံးပြုမှု အခြေအနေ လိုက်လျောညီထွေ မရှိခြင်း၊ ဒေသခံပြည်သူများ၏ အသိပညာနှင့် လူနေမှုဘဝ မြှင့်တင်ရန် လိုအပ်ခြင်း စသည်များကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျှက်ရှိကာ လူထိခိုက်သေဆုံးမှု များပြားရခြင်းဖြစ်သည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အနေဖြင့် ခရီးသွားပြည်သူများ ခရီးသွားလာရင်း တစုံတရာ ဖြစ်ပေါ်ခဲ့ပါက နေ့၊ညမရွေး လုံခြုံစိတ်ချစွာဖြင့် တည်းခိုနားနေနိုင်ရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ရဲစခန်းများတွင် ဓမ္မာရုံများ ဆောက်လုပ်ထားသည်ဟု ဆိုသည်။

အမြန်လမ်းတွင် ၂၀၁၉အတွင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခု/ Photo – အမြန်လမ်းမကြီး ရဲတပ်ဖွဲ့။