မြရည်နန္ဒာ တန်ဘိုးမျှအိမ်ယာတိုက်ခန်း ဝန်ထမ်းများသာမက အများပြည်သူပါ ဝယ်ခွင့်ရမည်

တိုက်ခန်း(၅၀၀)ကျော် ရောင်းမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလကုန်နောက်ဆုံး လျှောက်ထားရမည်ဟုဆို

Mandalay In-depth News၊ ဇန်နဝါရီ-၂၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း တည်ဆောက်ပြီးစီးပြီ ဖြစ်သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ယာ တိုက်ခန်း (၅၇၀)ကျော်ကို မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝန်ထမ်းများသာမက မန္တလေးခရိုင်အတွင်း နေထိုင်သူများအားလုံး ဝယ်ယူခွင့်ရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများကို ယခင်က မန္တလေးခရိုင်အတွင်း နေထိုင်သည့် အစိုးရဝန်ထမ်းများ၊ အငြိမ်းစားများကိုသာ ရောင်းချပေးခဲ့ရာမှ ယခု တတိယအသုတ်တွင် ကုမ္ပဏီဝန်ထမ်းနှင့် အများပြည်သူကိုပါ ရောင်းချပေးမည်ဟု ဆိုသည်။

အိမ်ယာတိုက်ခန်း ဝယ်ယူလိုသူများ အနေဖြင့် ဇန်နဝါရီ(၂၇)ရက်မှ ဖေဖေါ်ဝါရီ(၇)ရက်အတွင်း လျှောက်လွှာတစ်စောင် ကျပ်(၁၀၀၀)နှုန်းဖြင့် ဝယ်ယူဖြည့်စွက်ကာ ဖေဖေါ်ဝါရီ(၁၇)ရက်မှ (၂၈)ရက်အတွင်း စည်ပင်သာယာသို့ လျှောက်လွှာတင်သွင်းရမည် ဖြစ်သည်။

တိုက်ခန်းများ မဲနှိုက်ရောင်းချပေးမည့် နေ့ရက်ကိုမူ စည်ပင်သာယာမှ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါ။

မဲပေါက်၍ တိုက်ခန်းဝယ်ခွင့် ရရှိသူများအနေဖြင့် အခန်းနံပါတ် ရွေးချယ်ရန် ယခင်က အာမခံစပေါ်ငွေ ကျပ်(၅)သိန်းသာ ပေးသွင်းရသော်လည်း ယခုအကြိမ်တွင် အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)အထိ ပေးသွင်းရမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများက ပြောသည်။

မြရည်နန္ဒ တန်ဘိုးမျှတအိမ်ယာ တိုက်ခန်းများ/ Photo – ဒီဒါင်းမေ (Mandalay In-depth News)

ထို့အပြင် တိုက်ခန်းဈေးနှုန်းများကိုလည်း အနည်းငယ်အပြောင်းအလဲ ပြုလုပ်ထားပြီး မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်များကို ယခင်ရောင်းခဲ့သည့် နှုန်းထားထက် အနည်းငယ် ဈေးတိုးမြှင့်ပြီး တတိယထပ်၊ စတုတ္ထထပ်နှင့် ပဉ္စမထပ်များကိုမူ အနည်းငယ် ဈေးလျှော့ရောင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာများမှာ အာရ်စီ(၄)ခန်းတွဲ (၆)ထပ်ဆောင်များ ဖြစ်ပြီး တစ်ခန်းလျှင် (၆၆၁)စတုရန်းပေ ကျယ်ဝန်းသည်။ ၂၀၁၉ အတွင်းက ရောင်းချခဲ့သည့် တိုက်ခန်း‌ဈေးနှုန်းများမှာ မြေညီထပ်တစ်ခန်းလျှင် ကျပ်(၂၆၈)သိန်း၊ ပထမထပ် ကျပ်(၂၄၈)သိန်း၊ ဒုတိယထပ် ကျပ် (၂၂၇)သိန်း၊ တတိယထပ် ကျပ် (၂၁၇)သိန်း၊ စတုတ္ထထပ် ကျပ် (၂၀၆)သိန်းနှင့် ပဉ္စမထပ် ကျပ်(၁၉၆)သိန်းဝန်းကျင် ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ပြီးခဲ့သည့် ၂၀၁၈ သြဂုတ်လအတွင်းက မြရည်နန္ဒာ တန်ဖိုးမျှအိမ်ယာ တိုက်ခန်း(၆၇၀)ကျော်နှင့် ၂၀၁၉ ဇူလိုင်လအတွင်းက တိုက်ခန်း(၅၄၀)ကျော်ကို မန္တလေးခရိုင်အတွင်း နေထိုင်သည့် အငြိမ်းစားနှင့် နိုင်ငံ့ဝန်ထမ်းများထံ ရောင်းချခဲ့ပြီး ဖြစ်သည်။

ထိုသို့ ရောင်းချစဉ်က တိုက်ခန်းမဲပေါက်သူများသည် ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သလို စည်ပင်သို့ ငွေလက်ငင်းပေးချေ၍လည်း ဝယ်ယူနိုင်ပြီး ပထမအရစ် ငွေပေးသွင်းပြီးသည်နှင့် တပြိုင်နက် တိုက်ခန်းတွင် နေထိုင်ခွင့်ရရှိသည်။

မြရည်နန္ဒ တန်ဘိုးမျှတအိမ်ယာ တိုက်ခန်းများ/ Photo – ဒီဒါင်းမေ (Mandalay In-depth News)

#Mandalay_Indepth_News

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်