ကျောင်းသားများ၏ တောင်းဆိုချက်အပေါ် အဖြေမပေးဘဲ လမ်းကြုံဝင်လာကြောင်း ဝန်ကြီးပြောဟုဆို
ဘုန်းနေ၊ ဇန်နဝါရီ- ၂၁
မန္တလေးတက္ကသိုလ်အတွင်း သပိတ်စခန်းဖွင့် တောင်းဆိုနေသည့် ကျောင်းသားများထံ ယနေ့ ဇန်နဝါရီ(၂၁)ရက်တွင် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း လာရောက်တွေ့ဆုံခဲ့ကြောင်း သပိတ်ဦးဆောင်ကော်မတီဝင် ကိုဝေယံထက်က ပြောသည်။
မန္တလေးတက္ကသိုလ်အတွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့ရာတွင် ပွင့်လင်းမြင်သာမူ မရှိဟုဆိုကာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန်နှင့် ပညာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုရလဒ် ထုတ်ပြန်ပေးရန် တက္ကသိုလ်ကျောင်းသားများက ဇန်နဝါရီ(၉)ရက်မှစတင်ကာ တကျော့ပြန် သပိတ်မှောက်တောင်းဆိုနေခြင်း ဖြစ်သည်။
ယနေ့ နေ့လည်ပိုင်းအချိန် သပိတ်မှောက် ကျောင်းသား၊ကျောင်းသူများ ဆန္ဒပြနေစဉ် ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်း လာရောက်တွေ့ဆုံသော်လည်း ကျောင်းသားများ၏ မေးမြန်းတောင်းဆိုချက်များကိုမူ တိကျသော အဖြေမပေးဘဲ လမ်းကြုံ၍ ဝင်လာသည်ဟုပြောကာ ပြန်သွားကြောင်း ကိုဝေယံထက်က Mandalay In-depth News အား ပြောသည်။
“ဒု-ဝန်ကြီးပြောတာက သူလမ်းကြုံလို့ ဝင်လာတာပေါ့။ ဆယ်တန်းစာမေးပွဲ ကိစ္စအတွက် လာတာပေါ့။ ဒီမှာဖြစ်နေလို့ လာကြည့်တာ။ ဝန်ကြီးဌာနအနေနဲ့ ဘာတွေများ ဖြေရှင်းပေးနိုင်မလဲပေါ့၊ ကျွန်တော်တို့က စုံစမ်းစစ်ဆေးမှု အပြီးသတ် ရလဒ် ထုတ်ပြန်ပေးနိုင်မလား မေးခဲ့တယ်။ သူ့ဘက်က အဲဒါတွေ လုပ်မပေးနိုင်ဘူး။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း ချပြပေးဖို့ တောင်းဆိုတယ်။ ဘယ်နေ့ ဘယ်ရက်မှာ ချပြမလဲ မေးတယ်။ ဒါပေမဲ့ ဘာမှ သေသေချာချာ ရေရေရာရာ ဖြေသွားတာမရှိဘူး။ ဒါမရိုးသားတာပဲ” ဟု ၎င်းက ဆိုသည်။
Food Court ဆောက်လုပ်ငှားရမ်းခွင့် ပြုခဲ့မှုနှင့် ဆက်စပ်၍ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းကို ရားထူးမှ ယာယီရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်ပေးခဲ့ခြင်း မရှိကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ဦးဆောင်ကော်မတီဝင် မယမင်းသူက ပြောသည်။
ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး လာရောက်တွေ့ဆုံသော်လည်း တိကျသေချာသည့် အဖြေမရသလို စုံစမ်းစစ်ဆေးမှုရလဒ် ထုတ်ပြန်ပေးခြင်း မရှိ၍ မန္တလေးတက္ကသိုလ် သပိတ်အား အရှိန်မြှင့်မည်ဟု သပိတ်ဦးဆောင် ကော်မတီဝင် ကျောင်းသားများက ပြောသည်။
မန္တလေးတက္ကသိုလ်အတွင်းရှိ မြေဧရိယာ ပေ(၅၅×၁၄၀)တွင် Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့ရာတွင် ပွင့်လင်းမြင်သာမူ မရှိဟုဆိုကာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား၊ကျောင်းသူများက ပြီးခဲ့သည့် ၂၀၁၉ စက်တင်ဘာတွင် စတင်သပိတ်မှောက် ဆန္ဒပြခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်သည့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ညှိနှိုင်းဆွေးနွေးခဲ့ရာ အဆိုပါ သပိတ်ခဲ့ကို ရပ်နားခဲ့ပြီး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးမှု ရလဒ် ထုတ်ပြန်ခြင်းမရှိဟုဆိုကာ (၄)လကျော် ရပ်နားထားရာမှ ယခု ဇန်နဝါရီတွင် သပိတ်စခန်း ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။
မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်သည့် တကျော့ပြန်သပိတ်စခန်းနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က ဇန်နဝါရီ(၁၀)ရက်တွင် အချက်(၁၀)ချက်ပါ ကြေငြာချက် ထုတ်ပြန်ထားသည်။
အဆိုပါ ကြေငြာချက်တွင် သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက်သည် မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့မှ ဆုံးဖြတ်ပေးနိုင်သော အချက်များ မဟုတ်ကြောင်း၊ သပိတ်ဦးဆောင်ကော်မတီဝင် ကျောင်းသားများကို ဆွေးနွေးညှိနှိုင်းရန် ဖိတ်ကြားသော်လည်း လာရောက်ခြင်း မရှိကြောင်း၊ သပိတ်မှောက်ကျောင်းသားများထဲတွင် မန္တလေးတက္ကသိုလ်ကျောင်းသား မဟုတ်သူများ ပါဝင်နေကြောင်းနှင့် သပိတ်မှောက်ကျောင်းသားများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ
#Mandalay_Indepth_News
.