COVID-19 ဂယက် မန္တလေးရှိ အဆောင်ပိုင်ရှင်အချို့က ကျန်းမာရေးဝန်ထမ်းများကို ဆက်လက် နေထိုင်ခွင့် မပြုလိုတော့ဘဲ ပြောင်းရွှေ့ပေးရန် ပြောဆိုမှုများ ရှိနေ

အဆောင်နေရာ ငှားရမ်းနေထိုင်ရန် အခက်ကြုံနေသည့် ကျန်းမာရေး ဝန်ထမ်းများကို ဝန်ကြီးဌာနက နေရာပေးရန် စီစဉ်

နေကို၊ ဒီဒါင်းမေ၊ မတ်-၂၆

COVID-19 ဂယက်ကြောင့် မန္တလေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများ အဆောင်နေရာ ငှားရမ်းနေထိုင်ရန် အခက်ကြုံနေရပြီး မူလ အဆောင်ပိုင်ရှင်များက ဆက်လက်ငှားရမ်းလိုခြင်း မရှိတော့ဘဲ ပြောင်းရွှေ့ပေးရန် ပြောဆိုမှုများ ရှိနေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ပေါ်ရှိ အစိုးရဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအနက် ဝန်ထမ်းအိမ်ယာ မဟုတ်ဘဲ အဆောင်၊ နေအိမ်စသည့် ပြင်ပနေရာများတွင် ငှားရမ်းနေထိုင်သူ (၅၀၀)ကျော် ရှိပြီး ၎င်းတို့အား မေးမြန်း စာရင်းကောက်ယူခဲ့ရာ (၃၅၀)ကျော်က COVID-19 ဂယက်ကြောင့် လက်ရှိ နေရာများတွင် ဆက်လက် ငှားရမ်းနေထိုင်ရန် အခက်အခဲဖြစ်နေသည်ဟု စာရင်းပေးကြောင်း အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ပြောသည်။

“ဒါတွေအကုန်က လကုန်တဲ့အခါ အဆောင်ဆက်နေလို့ မရတော့ဘူး ဆိုတဲ့ ပုံစံမျိုး ပြောခံရတယ်။ အဲဒါက သူတို့နေတဲ့ အဆောင်နာမည်တပ်ထားပြီး တချို့ကတော့ လူနေအိမ်တွေမှာ နေတယ်၊ တချို့က ဘုန်းကြီးကျောင်းမှာ နေတယ်။ တချို့က အစိုးရတန်းလျားတွေ နေတယ်။ နေတဲ့နေရာတွေက ဆေးရုံကြီးတဝိုက် နေရာတွေ ဖြစ်တယ်။ တိုင်းအစိုးရနဲ့ မြို့တော်ဝန်ကို တင်ပြထားတယ်” ဟု ဒေါက်တာ ကျော်ဦး က ဆိုသည်။

COVID-19 ဂယက်ကြောင့် နေထိုင်ရေး အခက်အခဲ ကြုံနေသည့် ကျန်းမာရေးဝန်ထမ်းအရေး ဖြေရှင်းနိုင်ရန် မန္တလေး မြို့တော်ဝန်ထံ တင်ပြထားသလို အဆောင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊  ကျန်းမာရေးဝန်ထမ်းများအား နေထိုင်ခွင့်ပြုမည့်သူများဖြင့် ဆက်သွယ်ချိတ်ဆက် ပေးခြင်းများ လုပ်ဆောင်မည်ဟု ၎င်းက ရှင်းပြသည်။

မန္တလေးရှိ အဆောင်နှင့် နေအိမ် ပိုင်ရှင်အချို့က COVID-19 ရောဂါ ကူးစက်မည်ကို စိုးရိမ်သည့်အတွက် အဆောင်များ ပိတ်မည်ဖြစ်ပြီး လကုန်လျှင် အခြားနေရာသို့ ပြောင်းရွှေ့ပေးရန် ပြောဆိုမှုများ ရှိနေသည်ဟု ကိုယ်တိုင်ကြုံသည့် ကျန်းမာရေးဝန်ထမ်းအချို့က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ရေးသားဖော်ပြသည်။

ထိုသို့ ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရေး အခက်အခဲ ရှိနေကြောင်း လူမူကွန်ယက်တွင် ဖော်ပြမှုများ တွေ့ရှိရ၍ နေထိုင်ရေး အခက်ကြုံနေသူများ အနေဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနသို့ လာရောက်စာရင်းပေးရန် ဌာနတာဝန်ရှိသူများက စာရင်းကောက်ယူခဲ့သည်။

လက်ရှိတွင် ကျန်းမာရေး ဝန်ထမ်း (၃၀၀)ကျော်က လာရောက် စာရင်းပေးထားသည်မှာ မှန်ကန်ကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက Mandalay In-depth News အား အတည်ပြုသည်။

“အစ်မတို့ အဆောင်ပေးမယ်ဆိုလို့ရှိရင် သူတို့ အနီးအနားမှာ နေပြီး အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေအောင် စာရင်းပေးတာလည်း ပါပါတယ်။ အစ်မဆီ စာရင်းပေးတာ ၃၀၀ ကျော်ပဲရှိတယ်။ ဆရာဝန်ရော၊ သူနာပြုဆရာမရော၊ အမျိုးသားရော၊ အမျိုးသမီးရောပါ”ဟု မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ပြောသည်။

Photo – University of Nursing – Mandalay

အဆိုပါ ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များ၊ သင်တန်းကျောင်းများ စသည့် နေရာများတွင် ကျောင်းပိတ်ထားစဉ်ကာလအတွင်း ခေတ္တနေရာချထားပေးရန် စီစဉ်နေသည် ဟု ဒေါက်တာ စုစုဒွေးက ဆိုသည်။

“အစ်မတို့ဝန်ကြီးဌာနကပဲ အစ်မတို့ရဲ့သင်တန်းကျောင်း၊ သူနာပြုတက္ကသိုလ်၊ သူနာပြုသင်တန်း ကျောင်းတို့ ဆေးတက္ကသိုလ်တို့ အဲ့မှာ ကျောင်းသားတွေ ကျောင်းပိတ်ထားတော့လေ အဲ့မှာ ခေတ္တနေထိုင်ဖို့အတွက် စီစဉ်ထားပါတယ်” ဟု ဒေါက်တာ စုစုဒွေးက ဆိုသည်။

နေရေးထိုင်ရေး အခက်အခဲရှိသော ကျန်းမာရေးဝန်ထမ်းများကို အကူအညီပေးသည့် အနေဖြင့် မန္တလေးမြို့ပေါ်ရှိ အဆောက်အဦး ပိုင်ရှင်အချို့နှင့် ဘုန်းတော်ကြီးကျောင်းများက ၎င်းတို့၏ နေရာများသို့ လာရောက်နေထိုင်ရန် ဖိတ်ခေါ်ကြောင်း လူမှုကွန်ယက်တွင် အသိပေးဖော်ပြထားသည်။

Photo – University of Nursing – Mandalay

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်