ဝူဟန်ရောဂါကြောင့် မူဆယ်နယ်စပ်၌ ဖရဲ၊သခွား ဈေးကျကာ အရောင်းအဝယ် ရပ်တန့်လုနီးဖြစ်နေ

ရောဂါထိန်းချုပ်နိုင်ချိန်မှ ဖရဲ၊သခွားများ ပြန်လည်တင်ပို့ကြရန် မူဆယ် သစ်သီးဒိုင် အသိပေးချက်ထုတ်

ဘုန်းနေ၊ ဇန်နဝါရီ-၂၇

ဝူဟန်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေမှုကြောင့် တရုတ်အစိုးရက ခရီးသွားလာမှုနှင့် ကုန်သွယ်မှုများ ကန့်သတ်ထားရာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုံ၌ ဖရဲ၊သခွားဈေးများ ဆက်တိုက်ကျဆင်းကာ အရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း မူဆယ်နယ်စပ် သစ်သီးကုန်သည်များက ပြောသည်။

တရုတ်နှစ်သစ်ကူးကာလအပြီး ဈေးကွက်ပြန်လည်စည်ကားခြင်း မရှိသေးသလို ဝူဟန်ရောဂါ အခြေအနေကြောင့် တရုတ်နိုင်ငံတွင်း အသွားအလာ ကန့်သတ်မှုများ ရှိနေရာ မူဆယ်နယ်စပ်တွင် အရောင်းအဝယ် မဖြစ်ဘဲ ဖရဲသီး၊သခွားသီး ဈေးနှုန်းများ ဆိုးရွားစွာ ကျဆင်းနေကြောင်း  ခွာညို သစ်သီး ပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင် က Mandalay In-depth News အား ပြောသည်။

“ဈေးကျသွားတယ် ဆိုတာထက် အရောင်းအဝယ်က ပျက်သွားတာ။ တောင်သူတွေ အတွက် ဆုံးရှုံးနစ်နာနိုင်တဲ့ အနေအထားတော့ ရှိနိုင်တယ်။ အရောင်းအဝယ် အခြေအနေ နဲ့ သတင်း အချက်အလက်တွေကို သေချာ စောင်ကြည့်ဖို့ လိုတယ်” ဦးစိုင်းခင်မောင်က ပြောသည်။

တရုတ်နှစ်သစ်ကူးကာလ ရုံးပိတ်ရက်များဖြစ်သည့် ဇန်နဝါရီ(၂၄)ရက်မှ (၂၆)ရက်အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုံ (၃)ရက်ကြာ ပိတ်ထားခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီ(၂၇)ရက်တွင် နယ်စပ်ကုန်သွယ်ရေးဇုံ ပြန်လည်ဖွင့်လှစ်ရာ ဖရဲ၊သခွားဈေးများ ကျဆင်းသလို အရောင်းအဝယ် မဖြစ်တော့ဟု ၎င်းက ဆိုသည်။

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံတွင် တွေ့ရသည့် မြန်မာ့ ဖရဲ၊သခွားကားများ / Photo – ကိုနေ (သီပေါ)

တရုတ်နှစ်သစ်ကူးကာလ ပိတ်ရက်  မတိုင်မီက (၁၅)တန်ပါ ဖရဲကား(ထိပ်စ) တစ်စီလျင် တရုတ်ငွေ ယွမ် ၄၈၀၀၀ ခန့် (ကျပ်သိန်း ၉၀ ကျော်) ရှိခဲ့သော်လည်း ယနေ့ ဈေးကွက်ပြန်ဖွင့်ချိန်တွင် ဖရဲကားတစ်စီးလျှင် ယွမ် ၁၅၀၀၀ (ကျပ်သိန်း ၃၀) ဝန်းကျင်အထိ ဈေးကျသွားကြောင်း ဦးစိုင်းခင်မောင်က ပြောသည်။

ထို့အပြင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံသို့ ဖရဲ၊သခွား ကားအစီးရေ ၂၀၀ ခန့် ဝင်ရောက်ခဲ့သော်လည်း ယာဉ်အစီးရေ ၅၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံတွင် တွေ့ရသည့် မြန်မာ့ ဖရဲ၊သခွားကားများ / Photo – ခွာညို သစ်သီးပွဲရုံ။

ဝူဟန်ရောဂါ ကူးစက်ပျံ့နှံ့နေမှုကြောင့် တရုတ်နိုင်ငံအတွင်း ခရီးသွားလာမှုများ ပိတ်ပင်ကန့်သတ်လျှက်ရှိရာ ပြည်တွင်းမှ ဖရဲ၊သခွားစိုက် တောင်သူများအနေဖြင့်လည်း အခြေအနေ စောင့်ကြည့်ပြီးမှ ဖရဲ၊သခွားများ ပြန်လည်တင်ပို့ကြရန် မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်က ယနေ့ ဇန်နဝါရီ(၂၇)ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါကြောင့် တရုတ်နိုင်ငံတွင်း အရေးပေါ်အခြေအနေအဖြစ် လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲ၊ ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို တရုတ်အစိုးရက ကန့်သတ်ထားရာ မြန်မာနိုင်ငံမှ တင်ပို့သော သစ်သီးဝလံများ အပါအဝင် ကုန်ပစ္စည်း တင်ပို့ရောင်းချမှုနှင့် ဝယ်ယူရေး ဈေးကွက်တွင် အခက်အခဲ ကြီးမားစွာ ဖြစ်ပေါ်နေကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံမှ ဖရီးသီး၊ သခွားမွှေး တင်ပို့ရောင်းချသူများ အနေဖြင့် နစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် တရုတ်နိုင်ငံတွင်း ဖြစ်ပွားနေသည့် ရောဂါအား ထိန်းချုပ်နိုင်ပြီး အခြေအနေ တည်ငြိမ်သည်အထိ စောင့်ဆိုင်းပြီးမှသာ တင်ပို့ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်ဟု မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံ ကုန်စည်ဒိုင်က ထုတ်ပြန်သည့် အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ အလည်ပိုင်း ဝူဟန်မြို့တွင် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သည့် 2019 Novel Coronavirus (2019-nCoV) ကိုရိုနာဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံအပြင် အခြား ကမ္ဘာ့နိုင်ငံများသို့ပါ  ပျံ့နှံ့ဖြစ်ပွားလျှက်ရှိပြီး ဇန်နဝါရီ(၂၇)ရက်အထိ ရောဂါပိုးကူးစက်သူ (၃၀ဝဝ)ကျော် အထိရှိကာ သေဆုံးသူ(၈၀)ဦးထိရှိလာသည်။

မူဆယ်နယ်စပ် ရွှေလီမြို့တွင်ပါ ဝူဟန်ရောဂါ ကူးစက်ခံရကြောင်း သတင်းများထွက်ပေါ်နေရာ ကူးသန်းသွားလာရေး ခက်ခဲပြီး အရောင်းအဝယ်လုပ်ငန်းများ အပေါ် ထိခိုက်မှု ရှိနေသည်ဟု မူဆယ်ဒေသခံ ကုန်သည်များက ဆိုသည်။

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံတွင် တွေ့ရသည့် မြန်မာ့ ဖရဲ၊သခွားကားများ / Photo – ကိုနေ (သီပေါ)၊ ခွာညို သစ်သီးပွဲရုံ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်