မောင်မင်းမော် ၊ ဇန်နဝါရီ-၄
မန္တလေးတွင် နောက်နှစ်ရက်အထိ မိုးဆက်လက်ရွာဦးမည် ဖြစ်ကာ မိုးရွာပြီးနောက်ပိုင်း ညအပူချိန် အနည်းငယ်လျှော့ကျကာ အအေးပိုနိုင်ကြောင်း မိုးလေးဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည်ဌာနခွဲ မန္တလေး ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
မြန်မာ့လေထုအတွင်း အမြင့်ပေနှစ်သောင်းနှင့် လေးသောင်းတွင် အနောက်လေစီးကြောင်းများ၏ သက်ရောက်မှုကြောင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာနေခြင်းဖြစ်ပြီး ဇန်နဝါရီ(၆)ရက်အထိ မိုးဆက်လက် ရွာသွန်းနိုင်သည်ဟု ၎င်းက Mandalay In-depth News အား ပြောသည်။
ထို့အပြင် ဇန်နဝါရီ(၆)ရက် နောက်ပိုင်းတွင်လည်း နေ့အချိန် နေသာမည်ဖြစ်၍ အအေးလျော့ မည်ဖြစ်သော်လည်း ညအပူချိန် ယခုထက် အနည်းငယ်ကျဆင်းဖွယ် ရှိသည်ဟု မိုး၊ဇလဌာန၏ တိုင်းထွာရရှိချက်များအပေါ် မူတည်ကာ ဦးကျော်လွင်ဦးက သုံးသပ်သည်။
“မိုးရွာသွန်းမှု လျော့သွားမယ့် ဇန်နဝါရီ (၇)ရက် နောက်ပိုင်းမှာတော့ တိမ်ထူထပ်မှုတွေ လျော့သွားပြီး နေသာချိန် ရရှိတဲ့အတွက် နေ့အပူချိန်တွေ ပြန်မြင့်လာပြီး ညအပူချိန်တွေ လက်ရှိထက် အနည်းငယ် လျော့နိုင်တယ်လို့ ခန့်မှန်းပါတယ်” ဟု ဦးကျော်လွင်ဦးက ပြောသည်။
ယနေ့ ဇန်နဝါရီ(၄)ရက် လွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၌ ဆောင်းမိုးဖွဲများ ရွာသွန်းခဲ့ရာ အပူချိန်မှာ (၁၈ဒဿမ၃) ဒီဂရီ စင်တီဂရိတ်သာ ရှိခဲ့သလို မိုးရေချိန် (ဝဒဿမ၄၇) လက်မ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ယနေ့အတွက် ထူးခြား မိုးလေဝသ အခြေအနေအဖြစ် အချိန်အခါမဟုတ် မိုုးရွာသွန်းနိုင်ကြောင်း မိုး၊ဇလဌာနက ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့သလို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အထက်လေထုအတွင်း လေကြောင်းပျံသန်းရေးအတွက် လေယာဉ်ပျံသန်းစဉ် ရေခဲခြင်း(Aircraft Icing Warning) ကြုံတွေ့နိုင်ကြောင်း မိုး၊ဇလဌာနက ယနေ့ နံနက်ပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မနက်ဖန်အတွက် မန္တလေးမြို့၏ မိုးလေဝသ အခြေအနေ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်း ရွာပြီး ညအပူချိန် (၁၈)ဒီဂရီစင်တီဂရိတ်နှင့် နေ့အပူချိန် (၂၆)ဒီဂရီစင်တီဂရိတ် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။
ယနေ့ နံနက်က မန္တလေးမြို့တွင် ဆောင်းမိုးဖွဲများ ရွာသွန်းခဲ့စဉ်/ Photo – Naung Rupa.