တေဇ၊ ဇန်နဝါရီ-၅
မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်နိုင်ငံသား တစ်ဦးထံမှ ကာလပေါက်ဈေး ကျပ်သိန်း(၁၅၀၀)ခန့် တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၉၈၀၀) ပြား ဇန်နဝါရီ(၄)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ(၄)ရက် ညနေ(၅)နာရီခွဲ အချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ရှာဖွေစစ်ဆေးရေးစက်တွင် (—-)လေကြောင်းလိုင်းဖြင့် မန္တလေးမှ ဘန်ကောက်သို့ လိုက်ပါမည့် တရုတ်နိုင်ငံသား YUAN CHENG CHENG (၃၀)နှစ်ကို စစ်ဆေးရှာဖွေရာ ၎င်း ယူဆောင်လာသော ကျောပိုးအိတ် နှစ်လုံးလုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၈၀၀ ပြား (ဒေသကာလပေါက်ဈေး ကျပ်သိန်း ၁၄၉၀) နှင့် လက်ကိုင်ဖုန်း တစ်လုံး တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံသား YUAN CHENG CHENG (၃၀)နှစ်ကို တံတားဦးလေဆိပ် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။
စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် တရုတ်နိုင်ငံသား/ Photo – မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ FB.