သပိတ်ကျင်းမြို့အနီး ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖာ်မှုများ လူတစ်ဦးမျှ ဖမ်းမမိသော်လည်း စတင်အမှုဖွင့်

မောင်မင်းမော် ၊ ဇန်နဝါရီ-၂၇

သပိတ်ကျင်းမြို့အနီး ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေသတ္ထုတူးဖော်မှုများနှင့်ပတ်သက်၍ စက်ပစ္စည်းများ ဖမ်းဆီးရမိပြီး ဆယ်ရက်ကျော်အကြာတွင် တရားမဝင် တူးဖော်သူများကို ဖမ်းဆီးအရေးယူပေးရန် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက သပိတ်ကျင်းမြို့မ ရဲစခန်းတွင် ဆက်လက်အမှုဖွင့် တိုင်တန်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဂွေးပင်မှော်ကျေးရွာအုပ်စု ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေမှုများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီ(၁၃)ရက်တွင်  ကွင်းဆင်းစစ်ဆေးဖမ်းဆီးခဲ့ရာ လူတစ်ဦးမျှ ဖမ်းဆီးရမိခြင်း မရှိသော်လည်း ရွှေသတ္ထုတူးဖော်ရာတွင် အသုံးပြုသည့် စက်နှင့် ဆက်စပ်ပစ္စည်း (၁၇)စုံကို ပိုင်ရှင်မဲ့အနေဖြင့် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်သူများကို အရေးယူပေးရန် ဇန်နဝါရီ(၂၄)ရက်တွင်  သပိတ်ကျင်းမြို့မရဲစခန်းသို့ တိုင်ကြားသဖြင့် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ၂၆ ဖြင့် အမှုဖွင့်ထားသည်ဟု သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက Mandalay In-depth News အား ပြောသည်။

တရားမဝင် ရွှေတူဖော်သူများသည် ဒေသခံများသာ ဖြစ်မည်ဟု ယူဆရပြီး ဖမ်းဆီးရမိရန် စစ်ဆေး ဆောင်ရွက်နေကြောင်း ၎င်းက ဇန်နဝါရီ(၂၅)ရက်တွင် ပြောသည်။

“အခု ကျွန်တော်တို့က ပစ္စည်းတွေ သယ်တုန်းပဲ ရှိသေးတယ်။ ဖမ်းဆီးရမိဖို့တော့ စုံစမ်းဆဲပါ” ဟု သပိတ်ကျင်းမြို့မရဲစခန်း တာဝန်ရှိသူက ဆိုသည်။

တရားမဝင် ရွှေသတ္ထု တူးဖော်မှုများနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူရာတွင် ကုန်းမြေပေါ် တရားမဝင် တူးဖော်သည်များကိုသာ အမှုဖွင့် အရေးယူခြင်းများ ရှိခဲ့ပြီး မြစ်ချောင်းအတွင်း ရွှေတူးဖော်မှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူသည့် ဖြစ်စဉ်များ ယခင်က မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သပိတ်ကျင်းမြို့အနီး ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းပေးချက်အရ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ ရေ၊မြစ်၊ဖြိုးဌာန၊ သတ္ထုတွင်းဌာန၊ သစ်တောနှင့် မြေစာရင်း စသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဇန်နဝါရီ(၁၃)ရက်က ကွင်းဆင်းစစ် ဆေးခဲ့ရာ သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး တရားမဝင် ရွှေသတ္ထုတူးဖော်ရေး လုပ်ကွက်တစ်ခုကို တွေ့ရှိခဲ့သည်။

သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေမှုများကို ဇန်နဝါရီလဆန်းပိုင်းက တွေ့ရစဉ်/ Photo – Soe Hein FB.

အဆိုပါ ရွှေလုပ်ကွက်အတွင်း လူတစ်ဦးမျှ တွေ့ရှိဖမ်းဆီးနိုင်ခြင်း မရှိခဲ့သော်လည်း မျှောဖောင် (၁၇)ခု၊ မျှောလောင်းသစ်သားဇလား (၁၇)စုံ၊ ရွှေမှုံစုပ်တူးဖော်ရန် ပြင်ဆင်ထားသည့် လေးလုံးထိုးအင်ဂျင် (၉)လုံး၊ ခြောက်လုံးထိုးအင်ဂျင် (၈)လုံး၊ ဒိုင်နမို (၁၇)လုံး၊ ခြောက်လက်မ ရေခရု(၁၆)လုံး၊ နှစ်လက်မ ရေခရု (၁၇)လုံး၊ သံပိုက်(၁၉၀) ကျော်၊ ကြိုးရစ်ဒလက်သီး (၁၇)ခုနှင့် ဆီတိုင်ကီ၊ ဆီပေပါစသည့် ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍  တိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ တရားမဝင် ရွှေတူးဖော်သူများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ ဦးဆောင်၍ တရားစွဲဆို ဆောင်ရွက်ရန် ပြန်လည် ညွှန်ကြားခဲ့သဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေမှုများကို ဇန်နဝါရီလဆန်းပိုင်းက တွေ့ရစဉ်/ Photo – Soe Hein FB.

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်