မန္တလေးမြိူ့၌ ပထမဆုံးသော COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသူ တွေ့ရှိ၊

အမေရိကန်နိုင်ငံသား ခံယူထားသည့် အသက်(၃၃)နှစ်အရွယ် မြန်မာလူမျိုး အမျိုးသားဖြစ်ပြီး မတ်လ(၁၉)ရက်တွင် ပြန်ရောက်လာကာ ချမ်းမြသာစည်မြို့နယ်တွင် နေသူဖြစ်

Mandalay In-depth News၊ မတ်-၂၇

မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ထားရှိကုသနေသည့် ချမ်းမြသာစည်မြို့နယ်နေ အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဓါတ်ခွဲစစ်ဆေးချက်အရ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ာကီးဌာနက ယနေ့ မတ်လ(၂၇)ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ COVID-19 ရောဂါပိုး တွေ့ရှိသူ အမျိုးသားသည် အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုးဖြစ်ပြီး မတ်လ(၁၉)ရက်တွင် လေကြော်ငးခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အမျိုးသားသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ်လ(၁၉)ရက်၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း၊ ထိုပနောက် မတ်လ(၂၀)ရက်၊ ည(၁၀)နာရီတွင် ခိုင်မန္တလေး အဝေးပြေး မှန်လုံယာဉ်ဖြင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ လာရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည်မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအမျိုးသားသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်သို့ ရောက်ရှိခဲ့ပြီးနောက် မတ်လ(၂၂) ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် မတ်လ(၂၅) ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိခြင်း ဖြစ်သည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – mandalay In-depth news

အဆိုပါ အမျိုးသားသည် မန္တလေးမြို့၌ ပထမဆုံးသော တွေ့ရှိသော COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အနေဖြင့် (၅)ဦးမြောက် တွေ့ရှိသည့် COVID-19 ရောဂါ ဖြစ်ပွားသူ ဖြစ်သည်။

မတ်လ(၂၆)ရက်တွင် ဓါတ်ခွဲစစ်ဆေးခဲ့သည့် COVID-19 စောင့်ကြည့်လူနာ (၄၈)ဦးအနက် အထက်ပါ မန္တလေးမြို့နေသူ အပါအဝင် နှစ်ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်လူနာ (၄၆)ဦးတွင် ပိုးမတွေ့ရှိဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မတ်လ(၂၆)ရက် ဓါတ်ခွဲစစ်ဆေးချက်အရ COVID-19 ရောဂါပိုး တွေ့ရှိသည့် အခြားလူနာမှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်နေ အသက်(၆၉)နှစ်အရွယ် အမျိုးသားဖြစ်သည်။ ၎င်း အမျိုးသားသည်လည်း နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျနိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် မတ်လ(၁၄) ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသူ ဖြစ်သည်။ ၎င်းသည် မတ်လ(၁၈) ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ(၂၅) ရက်မှစတင်ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အထက်ပါ မန္တလေးနှင့် ရန်ကုန်ရှိ COVID-19 ရောဂါပိုး တွေ့ရှိသူ နှစ်ဦးနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်သည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – mandalay In-depth news

ထို့အပြင် အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည် ဖြစ်ကြောင်းနှင့်  အဆိုပါဓ ာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းသည်။

ယနေ့ မတ်လ(၂၇)ရက်အထိ မြန်မာနိုင်ငံတွင် covid-19 ရောဂါ ဖြစ်ပွားသူ (၅)ဦး ရှိပြီး အဆိုပါ လူနာများအားလုံးမှာ အမျိုးသားများဖြစ်သလို အမေရိကန်၊အင်္ဂလန်၊ သြစတြေးလျစသည့် အနောက်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်သည်။

Photo MOHS

မတ်လ(၂၅) ရက် ညနေ (၆) နာရီမှ (၂၆) ရက်၊ ညနေ (၆) နာရီအထိ မြန်မာနိုင်ငံတွင်း COVID-19 စောင့်ကြည့်လူနာအသစ် (၄၈) ဦး ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။  ထို့အပြင် မတ်(၂၆) ရက်၊ ည (၈:၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၂၀) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်ဟု ဆိုသည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – mandalay In-depth news

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်