ဘုန်းနေ၊ ဖေဖေါ်ဝါရီ-၄
ဒေါက်တာဇော်မြင့်မောင်သည် ဖေဖေါ်ဝါရီ(၁)ရက်မှ စတင်ကာ မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရာထူးတာဝန်များကို ပြန်လည်လွှဲပြောင်း ရယူပြီး ရုံးတက်နေပြီဖြစ်ကြောင်း ခေတ္တဝန်ကြီးချုပ်အဖြစ် သုံးလကျော်ကြာ တာဝန်ယူခဲ့သည့် ဦးဇာနည်အောင်က ပြောသည်။
နာတာရှည် သွေးကင်ဆာ ရောဂါ ခံစားနေရသည့် အသက်(၆၉)နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေရသူဖြစ်ပြီး ၎င်းဆေးဝါးကုသနေစဉ် ကာလအတွင်း မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရာထူးတာဝန်များကို တိုင်းအစိုးရ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ထံ ခေတ္တလွှဲပြောင်းပေးအပ်ထားသည်။
ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူရဦးမည် ဖြစ်သော်လည်း မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိသည့် ဖေဖော်ဝါရီ(၁)ရက်မှ စတင်ကာ မူလ ရာထူးတာဝန်များ ပြန်လည်လွှဲပြောင်းရယူခဲ့ပြီး အစိုးရ လုပ်ငန်း တာဝန်များကို လုပ်ကိုင်ဆောင်ရွက်နေပြီဟု ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
“ကုသမှုတော့ မပြီးသေးဘူး။ ကုသမှု ပြီးဆုံးတဲ့ အထိ ဆက်လုပ်ရဦးမယ်။ နားနားနေနေ ရုံးတက်နေပါပြီ” ဟု ၎င်းက ဆိုသည်။

လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ဒုတိယ ဥက္ကဌလည်း ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါကြောင့် အောက်တိုဘာလကုန်ပိုင်းမှ ဒီဇင်ဘာလကုန်ပိုင်းအထိ ထိုင်းနိုင်ငံသို့ နှစ်လကျော်ကြာ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူခဲ့ရပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဒုတိယအကြိမ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူခဲ့သည်။
ကျန်းမာရေးအခြေအနေအရ ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ထိုင်းနိုင်ငံသို့ မကြာခန သွားရောက်ကာ ဆေးဝါးကုသမှု ခံယူရဖွယ်ရှိသည်ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။
ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ဝန်ကြီးချုပ် ရာထူးတာဝန်များ ပြန်လည်ရယူကာ ရုံးတက် တာဝန်ထမ်းဆောင်နေပြီဟု ဆိုသော်လည်း လက်ရှိကျင်းပနေသည့် တိုင်းလွှတ်တော် အစည်းအဝေးများသို့မှု တက်ရောက်လာခြင်း မရှိပေ။

#Mandalay_Indepth_News
#Mandalay_News #DrZawMyintMaung #MandalayRegionGov #MdyRegion
.