Mandalay In-depth News၊ မတ်-၈
Covid-19 စောင့်ကြည့်လူနာနှင့် ထိတွေ့ခဲ့သည့် မန္တလေးဆေးရုံမှ ဆရာဝန်တစ်ဦး ဖျားနာလာသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ညတွင်းချင်း ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ထားကြောင်း မန္တလေးဆေးရုံအုပ် ဒေါက်တာခင်ကျော်က Mandalay In-depth News အား ပြောသည်။
မတ်လ(၆)ရက်က မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသည့် Covid-19 စောင့်ကြည့်လူနာကို လက်ခံစစ်ဆေးခဲ့သူ မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနမှ အသက်(၂၅)နှစ်အရွယ် လက်ထောက်ဆရာဝန်သည် ယမန်နေ့ မတ်လ(၇)ရက် ညပိုင်းတွင် ဖျားနာလာသဖြင့် ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာခင်ကျော်က ပြောသည်။
“မနေ့ညက သူ ဖျားပြီး လာတယ်။ ဖျားတယ်ဆိုတဲ့အတွက် စောင့်ကြည့်တာက ပိုကောင်းတယ်ဆိုပြီး ကျွန်တော်တို့က ကန်တော်နဒီမှာ ခန ထားထားတာပေါ့”ဟု ဒေါက်တာခင်ကျော်က ဆိုသည်။
အဆိုပါ ဆရာဝန်အား ယနေ့ နံနက်(၂)နာရီဝန်းကျင်တွင် မန္တလေးမြို့ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ကာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး သီးသန့်ထားရှိ စောင့်ကြည့်နေသည်ဟု ဆိုသည်။ အဆိုပါ ဆရာဝန်တွင် Covid-19 ရောဂါ ကူးစက်ခံရခြင်း ရှိ။မရှိ အတည်ပြုနိုင်ရေး ဓါတ်ခွဲစစ်ဆေးနိုင်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်သို့ ဓါတ်ခွဲနမူနာ ပေးပို့မည်ဟု ၎င်းက ရှင်းပြသည်။
စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံရသည့် မန္တလေးဆေးရုံမှ လက်ထောက်ဆရာဝန်နှင့် ပတ်သက်၍ အထူးစိုးရိမ်စရာ မရှိဘဲ စောင့်ကြည့်လူနာနှင့် ထိတွေ့ခဲ့သည့်အတွက်သာ ယခုကဲ့သို့ သီးခြားထားရှိခြင်း ဖြစ်သည်ဟု ဆိုသည်။
“သာမန်အားဖြင့်တော့ သံသယရှိတဲ့ လူနာတစ်ဦးနဲ့ ထိတွေ့တယ်ဆိုတဲ့ သမိုင်းတော့ရှိတယ်”ဟု ဒေါက်တာ ခင်ကျော်က ပြောသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် နေထိုင်သော အသက် (၃၅) နှစ် အရွယ် အမျိုးသားတစ်ဦးသည် မတ်လ(၅) ရက်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစား ခဲ့ရသဖြင့် မတ်လ(၆)ရက်တွင် ဝက်လက်မြို့နယ်ဆေးရုံသို့ လာရောက် ပြသခဲ့ကြောင်း၊ ထို့နောက် အဆိုပါ လူနာအား မန္တလေးဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် Covid-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ မန္တလေးကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်(၇)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ၎င်းအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိကာ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်းနှင့် ၎င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ ဝက်လက်မှ မန္တလေးဆေးရုံသို့ ရောက်ရှိလာသည့် Covid-19 စောင့်ကြည့်လူနာမှာ ယနေ့ ညနေပိုင်းတွင်မှ ဓါတ်ခွဲစစ်ဆေးချက် အဖြေသိရမည်ဖြစ်ပြီး ယင်းလူနာနှင့် ထိတွေ့ခဲ့သည့် မန္တလေးဆေးရုံကြီးမှ ဆရာဝန်နှင့်ပတ်သက်၍လည်း အစိုးရိမ် မလွန်ကြရန် ဒေါက်တာခင်ကျော်က ပြောသည်။
“အပြင်မှာတေ့ာ့ ကျန်းမာရေးဝန်ထမ်းတွေတောင် သံသယနဲ့စောင့်ကြည့်ခံနေရပြီဆိုတဲ့ ပုံစံမျိုးကြီး အပြင်မှာ ဖြစ်နေကြမယ်ထင်တယ်။ အရမ်းကြီး Panic (ထိတ်လန့်ချောက်ချား) မဖြစ်ကြဖို့။ ကိုယ့်ကိုကိုယ် တကိုယ်ရေ ဂရုစိုက်ကြဖို့နဲ့၊ သန့်ရှင်းဖို့ပေါ့။ လက်ဆေးဖို့အဲ့တာပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

မတ်လ (၇) ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုအခါ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၈၉) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာ ရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုက်တွန်းနှိုးဆော်ထားသည်။