ပါရမီဆန်း၊ ဒီဇင်ဘာ-၁၄
ပုဂံ – ညောင်ဉီး လေဆိပ်အား အကောက်ခွန်လေဆိပ် ( Customs Aerodrome) အဖြစ် သတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန် ကြေညာခဲ့ရာ နိုင်ငံတကာ လေယာဉ်ခရီးစဉ်များ တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်ပြီ ဖြစ်သည်။
သို့သော် လေကြောင်းပျံသန်းမှုဆိုင်ရာ လိုအပ်ချက်များ၊ လုံခြုံရေးနှင့် စစ်ဆေးရေးဆိုင်ရာ အခြေခံ အဆောက်အဦးများ ဆက်လက်တပ်ဆင် ဖြည့်တင်းရဦးမည်ဖြစ်ရာ လာမည့် ၂၀၂၀မှသာ နိုင်ငံတကာ လေယာဉ်ခရီးစဉ်များ စတင်ပျံသန်းဖွယ် ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
“နိုင်ငံတကာ လေဆိပ်နဲ့ လျော်ညီတဲ့ စက်တွေ၊ ကောင်တာတွေ၊ အသုံးအဆောင်ပစ္စည်းတွေ တပ်ဆင်နေပြီ။ တချို့တွေ တပ်ဆင်ပြီးတဲ့ဟာလည်း ပြီးပြီ။ အခု သမ္မတရုံးက အမိန့်လည်း ထွက်လာပြီဆိုတော့ ပို့ဆောင်၊ဆက်သွယ်ရေး ဝန်ကြီးအနေနဲ့က လ.ဝ.ကတို့၊ ပြည်ထဲရေးဆို့ စသဖြင့် ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီး လိုအပ်တာတွေ တာဝန်ချထားပြီးရင် နိုင်ငံတကာ လေယာဉ်ခရီးစဉ်တွေ စပြီး ပျံသန်းမှာပေါ့”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ဒီဇင်ဘာ(၁၁)ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် ပုဂံ-ညောင်ဦးလေဆိပ်ကို နိုင်ငံတကာ ခရီးစဉ် ပျံသန်းသည့် လေယာဉ်များ ဝင်ရောက်၊ ထွက်ခွာနိုင်သော (Customs Aerodrome) အဖြစ် သတ်မှတ်လိုက်သည်ဟု ဖော်ပြသည်။

ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် အထက်ဖော်ပြပါ အကောက်ခွန်လေဆိပ်တွင် လေကြောင်းခရီးသွားလာမှု လိုအပ်ချက်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးလိုအပ်ချက် နှင့် အခြေခံအဆောက်အအုံနှင့် အထောက်အကူပစ္စည်း ပြည့်စုံမှုတို့အပေါ် မူတည်၍ နိုင်ငံတကာခရီးစဉ် ပုံမှန်ပျံသန်းသော လေယာဉ်များကို ဖြစ်စေ၊ ပုံမှန်ပျံသန်းခြင်း မပြုသော လေယာဉ်များကိုဖြစ်စေ နှစ်မျိုးစလုံးကိုဖြစ်စေ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်၍ ဝင်ရောက်၊ ထွက်ခွာခွင့် ပြုနိုင်သည်ဟု ဖော်ပြထားသည်။
“အဓိက လိုလားချက်ကတော့ ဆီရမ်ရိနဲ့ ပုဂံနဲ့ကို ချိတ်ဆက်ပျံဖို့ လက်မှတ်ထိုးထားတော့ နှစ်နိုင်ငံကြားမှာ အဲ့ဒီနှစ်မြို့ ပျံဖို့ ကြိုးစားတည်ဆောက် နေတာပါ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးဝင်းခန့်က Mandalay In-depth News အား ပြောသည်။
ပုဂံ-ညောင်ဦး လေဆိပ်၏ လက်ရှိ အနေအထားအရ လေယာဉ်အကြီးစားများ ဆင်းသက်နိုင်မည် မဟုတ်သေးဘဲ စင်းလုံးငှားလေယာဉ်များသာ အဓိက ပျံသန်းဖွယ်ရှိကြောင်း ဦးဝင်းခန့်က ပြောသည်။
“နိုင်ငံတကာက ချာတာလေယာဉ်တွေ (Charter Flight – စင်းလုံးငှားလေယာဉ်) လာလို့ရတဲ့ လေဆိပ်လုပ်ဖို့ စီစဉ်တာပါ။ ဒါပေမယ့်လည်း လေယာဉ်အကြီးစားတွေ လာလို့မရသေးပါဘူး။ သူ့ကွင်းရဲ့ အနေအထားက”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ပုဂံ-ညောင်ဦးလေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်းများမှ ပုဂံ-ညောင်ဦး – ရန်ကုန် – မန္တလေး – ဟဲဟိုး စသည့် ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲလျှက် ရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပုဂံဒေသ၌ နိုင်ငံတကာ လေဆိပ် တည်ဆောက်ခြင်းထက် ပခုက္ကူလေဆိပ်ကို နိုင်ငံတကာ လေဆိပ်အဖြစ် အဆင့်မြင့်တင် တည်ဆောက်ရန် ရည်ရွယ်သော်လည်း လတ်တလော လိုအပ်ချက်အရ ပုဂံ-ညောင်ဦး လေဆိပ်ကို နိုင်ငံတကာ လေယာဉ်ခရီးစဉ်များ တိုက်ရိုက်ပျံသန်းနိုင်စေရန် စီစဉ်ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
ပုဂံ-ညောင်ဦး လေဆိပ်အား နိုင်ငံတကာ လေယာဉ်များ တိုက်ရိုက်ဆင်းသက် ပျံသန်းပါက မြန်မာနိုင်ငံ၏ စတုတ္ထမြောက် နိုင်ငံတကာ လေဆိပ်ဖြစ်လာမည် ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာလေဆိပ်များမှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များ ဖြစ်သည်။
.