မန္တလေးမြို့အနှံ့ မီးလင်းရန် လမ်းမီးတိုင် (၇၀၀၀)ကျော် ထပ်မံစိုက်ထူမည်၊ လက်ရှိတွင် မြို့တွင်း အဓိကလမ်းမများ၌ လမ်းမီးတိုင် (၇၀၀၀)ကျော် စိုက်ထူထားပြီး

မောင်မင်းမော်၊ ဒီဇင်ဘာ-၁၆

မန္တလေးမြို့အနှံ့ မီးလင်းစေရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း လမ်းမီးတိုင် (၇၀၀၀)ကျော် ထပ်မံစိုက်ထူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

လမ်းမီးတိုင်များကို စည်ပင်ဘဏ္ဍာငွေနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် စိုက်ထူမည်ဖြစ်ပြီး ၂၀၂၀ အောက်တိုဘာတွင် မန္တလေးမြို့ရှိ လမ်းများအားလုံး မီးလင်းမည်ဖြစ်ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့အနှံ့ မီးလင်းရေး ဆောင်ရွက်ရာတွင် စည်ပင်သာယာ၏ ဘဏ္ဍာငွေတစ်ခုတည်းဖြင့် လုပ်ဆောင်မည်ဆိုပါက (၅)နှစ်ခန့် ကြာမြင့်နိုင်ပြီး အလှူရှင်များ၏ ပါဝင်လှူဒါန်းမှုကြောင့်သာ ယခုကဲ့သို့ (၂)နှစ်အတွင်း အပြီးဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က  ပြောသည်။

“အလှူရှင်တွေရဲ့ အလှူကလည်း တော်တော်များပါတယ်။ သိန်းပေါင်းကို သောင်းနဲ့ချီနေတာပါ”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

လက်ရှိတွင် မန္တလေးမြို့တွင်း အဓိကလမ်းမကြီးများ၌ လမ်းမီးတိုင်(၇၀၀၀)ကျော် စိုက်ထူထားကြောင်း၊ လမ်းသွယ်များပါ မကျန် မြိ့အနှံ့မီးလင်းစေရန်အတွက် လမ်းမီးတိုင်များ ဆက်လက်စိုက်ထူခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မန္တလေးကျုံးဘေးတွင် လမ်းမီးတိုင်သစ်များ စိုက်ထူထားစဉ်/ Photo – Mg Min Maw

လမ်းမီးတိုင်အသစ်များ စိုက်ထူရာတွင် ယခင်ရှိနှင့်ပြီးသော မီးတိုင်အဟောင်းများကို ဖယ်ရှားကာ စိုက်ထူမည်ဖြစ်ပြီး ၎င်းမီးတိုင်အဟောင်းများကို လိုအပ်သည့် လမ်းသွယ်များတွင် ပြန်လည် အသုံးပြုမည်ဟု စည်ပင်သာယာ တာဝန်ရှိသူများက ပြောသည်။

အသစ်စိုက်ထူမည့် လမ်းမီးတိုင်များသည် မီးလုံးနှစ်ဖက်ပါသည့် မီးတိုင်တစ်တိုင်လျင် ကျပ်(၁၀)သိန်းနှင့် မီးလုံးတစ်ဖက်သာ ပါသည့် မီးတိုင်တစ်တိုင်လျှင် ကျပ်(၇၅၀၀၀၀) တန်ကြေးရှိသည်။  မန္တလေးမြို့တွင်း အဓိကလမ်းမများတွင် ခေတ်မီ လမ်းမီးတိုင်များကို ၂၀၁၇တွင် စတင်စိုက်ထူခဲ့ခြင်း ဖြစ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်