မန္တ‌လေးမြို့နေ အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး Covid-19 ရောဂါ လက္ခဏာများပြ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

မန္တလေး ကန်တော်နဒီဆေးရုံရှိ စစ်ကိုင်းမှ အမျိုးသားနှင့် ကျောက်ပန်းတောင်းမြို့ရှိ စင်္ကာပူပြန် အမျိုးသားတို့တွင် စစ်ဆေးချက်အရ ရောဂါမတွေ့ဟုဆို

Mandalay In-depth News၊ မတ်-၅

မန္တလေးမြို့တွင် နေထိုင်သည့် အသက်(၆၀)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးတွင် COVID-19 ရောဂါ သံသယလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ သီးခြားထားရှိ ကုသပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦးသည်  ဖေဖော်ဝါရီ (၂၇) ရက်မှစတင်၍ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း ရောဂါ လက္ခဏာများ ခံစားခဲ့ရပြီး သတိကောင်းစွာမရသဖြင့် မတ်(၄)ရက်တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ လာရောက်ပြသခဲ့သည်။

အဆိုပါလူနာအား စမ်းသပ်စစ်ဆေးရာ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားသည့် ဒေသများသို့ ခရီးသွားရာဇဝင် မရှိသော်လည်း COVID-19 ရောဂါ သံသယလက္ခဏာများ တွေ့ရှိရသဖြင့် ၎င်းအား စောင့်ကြည့်လူနာ (Person Under Investigation – PUI) အဖြစ် သတ်မှတ်ကာ သီးခြားထားရှိ ကုသမှုပေးလျက်ရှိကြောင်းနှင့်  ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မတ်လ(၄)ရက် ညပိုင်းတွင် ဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

တချိန်တည်းမှာပင် ပြီးခဲ့သည့် ရက်များအတွင်း COVID-19 ရောဂါ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ကာ မန္တလေးမြို့ ကန်တော်ဒနီ ဆေးရုံ၌ သီးခြားထားရှိ ကုသပေးနေသည့် စစ်ကိုင်းမြို့နေ အသက်(၂၄)နှစ်အရွယ် အမျိုးသားနှင့် ကျောက်ပန်းတောင်းဆေးရုံ၌ ထားရှိသည့် စင်္ကာပူပြန် အသက်(၂၆)နှစ်အရွယ် အမျိုးသားနှင့် ၎င်း၏ ဇနီးသည် အသက်(၂၉)နှစ်အရွယ် အမျိုးသမီးတို့တွင် ဓာတ်ခွဲစစ်ဆေးချက် အဖြေများအရ COVID-19 ရောဂါ မရှိ‌ဟု ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလဆန်းမှ မတ်လ(၄)ရက်အထိ မန္တလေးတိုင်းအတွင်း Covid-19 စောင့်ကြည့်လူနာ (၁၀)ဦးအထိ ရှိခဲ့သော်လည်း ဓါတ်ခွဲစစ်ဆေးချက် အဖြေများအရ လူနာ(၉)ဦးတွင် ရောဂါမတွေ့ရှိရဘဲ အထက်ပါ မဟာအောင်မြေမြို့နယ်နေ အမျိုးသမီးကိုမူ ဓါတ်ခွဲစစ်ဆေးနေဆဲဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇန်နဝါရီလဆန်းမှ မတ်လ(၄)ရက်အထိ Covid-19 သံသယလူနာ(၂)ဦးနှင့် စောင့်ကြည့်လူနာ (၅၄)ဦး ရှီခဲ့ပြီး ဓါတ်ခွဲစစ်ဆေးမှုအခြေအနေအရ (၄၉)ဦးတွင် ရောဂါမတွေ့ရှိရဘဲ (၃)ဦးကို ဆက်လက်စစ်ဆေးဆဲဖြစ်ကာ (၄)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရန် စောင့်ဆိုင်းဆဲဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ(၄)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၇၂) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များ၊ ဆေးရုံအခြေပြုနှင့် ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့်ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထိုသို့ စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိရာ မတ်လ(၄)ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးမျှ မတွေ့ရှိရသေးဘဲ စောင့်ကြည့်လူနာ (၇)ဉီးကို သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့် ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ Covid-19 သည် မတ်လ(၄)ရက်အထိ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ (၇၂)နိုင်ငံတွင် ကူးစက်ခံရသူ (၉၀၀၀၀)ကျော်နှင့် သေဆုံးသူ(၃၀၀၀)ကျော် အထိရှိနေသည်။

မြန်မာနိုင်ငံတွင်း ရောဂါကူးစက်ဖြစ်ပွားမှု မတွေ့ရှိရသေးသော်လည်း ပြည်သူလူထုအနေဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်သည်။

COVID-19 ရောဂါ ဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများ၊ ရောဂါကူးစက်ပြန့်ပွားမှုများပြားရာ နေရာဒေသမှ ပြည်တွင်းသို့ရောက်ရှိခဲ့သူများနှင့် သံသယရောဂါလက္ခဏာ ဖြစ်ပွားလာသူများ အနေဖြင့် အနီးဆုံးကျန်းမာရေး ဌာနသို့ မဖြစ်မနေသတင်းပေးပို့ကြပါရန်၊ သံသယရောဂါလက္ခဏာဖြစ်ပွားသူများကို တွေ့ရှိပါက ပြည်သူများအနေဖြင့်လည်း အနီးဆုံးကျန်းမာရေးဌာနထံသို့ သတင်းပေးပို့ပါရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။

#Mandalay_Indepth_News #Mandalay_News

#Wuhan #Covid-19

#ကိုရိုနာဗိုင်းရပ်စ် #မန္တလေး #မဟာအောင်မြေ

.

2 thoughts on "မန္တ‌လေးမြို့နေ အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး Covid-19 ရောဂါ လက္ခဏာများပြ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်"

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်