မန္တလေးဆေးရုံမှ ဆရာဝန် Covid-19 ရောဂါ ဖြစ်နိုင်ချေ နည်းပြီး မကြာမီဆေးရုံမှ ဆင်းခွင့်ရနိုင်ဟုဆို
Mandalay In-depth News၊ မတ်-၈
မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံရှိ Covid-19 ရောဂါ စောင့်ကြည့်လူနာ (၄)ဦးအနက် ယနေ့ မတ်လ(၈)ရက် ညနေ ဓါတ်ခွဲစစ်ဆေးချက် အဖြေအရ စောင့်ကြည့်လူနာ အမျိုးသားနှစ်ဦးတွင် ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဓါတ်ခွဲစစ်ဆေးချက်အဖြေအရ မန္တလေးကန်တော်နဒီဆေးရုံ၌ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ကာ သီးခြားထားရှိ ကုသပေးနေသည့် မန္တလေး မဟာအောင်မြေမြို့နယ်နေ အသက်(၇၁)နှစ်အရွယ် အမျိုးသားနှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နေ အသက်(၃၅)နှစ်အရွယ် အမျိုးသားတို့တွင် Covid-19 ရောဂါပိုး မတွေ့ရှိဟု မန္တလေးဆေးရုံအုပ် ဒေါက်တာခင်ကျော်က Mandalay In-depth News အား အတည်ပြုသည်။
ဝက်လက်မြို့နယ်မှ စောင့်ကြည့်လူနာအမျိုးသား Covid-19 ရောဂါပိုး မတွေ့ရှိခြင်းကြောင့် ၎င်းနှင့်ထိတွေ့မိခဲ့ပြီးနောက် ဖျားနာသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံထားရသည့် မန္တလေးဆေးရုံမှ လက်ထောက်ဆရာဝန်မှာလည်း စိုးရိမ်စရာ မရှိတော့ကြောင်း ဒေါက်တာခင်ကျော်က ပြောသည်။
“အရမ်းကြီး စိတ်ပူစရာ မရှိတော့ဘူး။ အဲ့ဒီ ဆရာဝန် (မန္တလေးဆေးရုံမှ လက်ထောက်ဆရာဝန်) ကိုလည်း ထပ်စစ်ဖို့ ဒီနေ့ ဓါတ်ခွဲနမူနာ ယူပြီး ပို့ထားတယ်။ မနက်ဖြန်လော်ကအထိတော့ နားရမယ်။ သူကိုယ်တိုင်လည်း Negative ဖြစ်တယ်။ သူ့ Source (ဝက်လက်မြို့နယ်မှလူနာ) ကလည်း Negative ဆိုတော့ မနက်ဖြန်တော့ ဆေးရုံက ဆင်းခွင့်ရနိုင်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မန္တလေး ကန်တော်နဒီ ဆေးရုံ၌ Covid-19 ရောဂါ စောင့်ကြည့်လူနာ (၄)ဦး ရှိသည်။ ၎င်းတို့မှာ ယနေ့ မတ်လ(၈)ရက် ဓါတ်ခွဲစစ်ဆေးချက်အရ Covid-19 ရောဂါပိုး မတွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည့် မဟာအောင်မြေမြို့နယ်နေ အသက်(၇၁)နှစ်အရွယ် အမျိုးသား၊ ဝက်လက်မြို့နယ်နေ အသက်(၃၅)နှစ်အရွယ် အမျိုးသားနှင့် မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနမှ အသက်(၂၅)နှစ်အရွယ် လက်ထောက်ဆရာဝန်နှင့် အမရပူရမြို့နယ်နေ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတိုံ ဖြစ်သည်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ(၂၈) ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဂျယ်ခေါင်မြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လွန်ခဲ့ သော တစ်လခန့်မှစတင်၍ ဖျားခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း လက္ခဏာခံစားခဲ့ရပြီး ယနေ့ မတ်လ(၈) ရက်တွင် ချောင်းဆိုးသွေးပါခြင်း ဝေဒနာ ခံစားခဲ့ရသဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ၎င်းမှာ သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် ကန်တော်နဒီ ဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့ မတ်လ(၈)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးမျှ မတွေ့ရှိရသေးသော်လည်း တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၉၄) နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
#Mandalay_Indepth_News
.