ပြည်ကြီးတံခွန်မြို့နယ် ရေပေးရေး စီမံကိန်းအတွက် နယ်သာလန်နိုင်ငံမှ ထောက်ပံ့ငွေနှင့် ချေးငွေရယူရန် စာချုပ်ချုပ်ဆို

ဒုဌဝတီမြစ်ရေကို သန့်စင်မည့် ရေပေးရေးစီမံကိန်း ချက်ချင်းစမည်ဟုဆို

ထက်ဘုန်းခေါင်၊ ဒီဇင်ဘာ-၁၈

ဒုဌဝတီမြစ်ရေကို သန့်စင်ကာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ လူဦးရေ(၇၀)ရာခိုင်နှုန်းအတွက် ရေဖြန့်ဖြူးပေးမည့် စီမံကိန်း လုပ်ကိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် နယ်သာလန်နိုင်ငံမှ ယူရို(၂၉)သန်းကျော် ချေးယူမည်ဖြစ်သည်။

နယ်သာလန်နိုင်ငံ အစိုးရ၏ ကူညီထောက်ပံ့ငွေနှင့် ING & FMO Bank ချေးယူငွေများဖြင့် ဒုဌဝတီမြစ်ရေကို သန့်စင်ကာ ပြည်ကြီးတံခွန်မြို့နယ်ရှိ (၇၀)ရာခိုင်နှုန်းကို ရေပေးဝေရေး စီမံကိန်း ဆောင်ရွက်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် နယ်သာလန်နိုင်ငံ Ballast Nadam International Project B.V တို့၏ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ ဒီဇင်ဘာ(၁၈)ရက် နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးတွင် ကျင်းပခဲ့သည်။

ဒုဌဝတီမြစ်ရေကို သန့်စင်ကာ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သူ (၇၀)ရာခိုင်နှုန်းအတွက် ရေဖြန့်ဝေပေးမည့် စီမံကိန်းအတွက် နယ်သာလန်နိုင်ငံမှ ယူရို(၂၉ ဒသမ ၉၆) သန်း ချေးယူခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက ပြောသည်။

“လက်မှတ်ထိုးပြီးတာနဲ့ ဒီလုပ်ငန်းကို စမှာ။ ဘာလို့လဲဆိုတော့ ၂၀၁၉ အောက်တိုဘာမှာ စဖို့ မှန်းထားတယ်။ ဒီကြားထဲမှာ အခက်အခဲလေးတွေ နည်းနည်းရှိနေတာနဲ့ တစ်ဖက်နဲ့တစ်ဖက် စာချုပ်ညှိနေလို့ ကြာသွားတာ။ စာချုပ်ပြီးတာနဲ့ ချက်ချင်းပဲ စမယ်” ဟု ဒေါ်မြင့်မြင့်သန်းက ပြောသည်။

ရေပေးရေး စီမံကိန်းအဖြစ် အမရပူရမြို့နယ် တလင်းကြီးကျေးရွာတွင် ဒုဌဝတီမြစ်ရေတင် ရေယူအဆောက်အအုံ ဆောက်လုပ်ကာ ယင်းရေကို သန့်စင်ပြီး ပြည်ကြီးတံခွန်မြို့နယ်သို့ ပိုက်လိုုင်းဖြင့် ပို့လွှတ်မည်ဖြစ်သည်။ ထို့နောက် ရေလှောင်ကန်များမှတစ်ဆင့်  အများပြည်သူထံ ဖြန့်ဖြူးပေးဝေမည် ဖြစ်သည်။

ဒုဌဝတီမြစ်ရေကို သန့်စင်ကာ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ် အရှေ့ခြမ်းဒေသများသို့ ရေဖြန့်ဝေပေးမည့် စီမံကိန်းအတွက် နယ်သာလန်နိုင်ငံမှ ချေးငွေရယူရန် ပြီးခဲ့သည့် ဇွန်လဆန်းက ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ လွှတ်တော်တွင်း ဆွေးနွေးချက်များအရ အဆိုပါ ရေပေးရေး စီမံကိန်းအတွက် နယ်သာလန်နိုင်ငံမှ စုစုပေါင်း ယူရို (၅၉ ဒသမ ၉၂) သန်း ရရှိမည် ဖြစ်ပြီး (၅၀)ရာခိုင်နှုန်းသည် နယ်သာလန်နိုင်ငံ အစိုးရ၏ ထောက်ပံ့ငွေဖြစ်ကာ ကျန် (၅၀)ရာခိုင်နှုန်း ဖြစ်သည့် ယူရို (၂၉ ဒသမ ၉၆) သန်းကို နယ်သာလန်နိုင်ငံ ဒတ်ချ် ဖွံ့ဖြိုးမှုဘဏ် (FMO)နှင့် ING ဘဏ်တို့မှ ချေးယူဖြစ်သည်။

အဆိုပါ ချေးငွေကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်ကာ ပြန်လည်ပေးဆပ်ရမည် ဖြစ်ပြီး ဆိုင်းငံ့ကာလ(၃)နှစ်၊ ပြန်ဆပ်ကာလ (၁၀)နှစ် ဖြစ်သည်။ ချေးငွေပေးဆပ်ရာတွင် တစ်နှစ်လျှင် အတိုးနှုန်း (၂ ဒသမ ၃၆) ရာခိုင်နှုန်း၊ Facility Agent Fee တစ်နှစ်လျှင် ယူရို တစ်သောင်းခွဲ၊ Upfront Fee အဖြစ် ချေးငွေပမာဏ၏ (၀ ဒသမ ၆) ရာခိုင်နှုန်း၊ ကတိခံကြေး (ဝ ဒသမ ၄) ရာခိုင်နှုန်းနှင့် Consaltant Fee အဖြစ် (၁ ဒသမ ၅) ရာခိုင်နှုန်း ပေးဆပ်ရမည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဆွေးနွေးချက်များတွင် ဖော်ပြသည်။

နယ်သာလန်ချေးငွေဖြင့် ဆောင်ရွက်မည့် ရေပေးရေးစီမံကိန်းသည် အချိန် (၂)နှစ်ခွဲ ကြာမြင့်မည်ဖြစ်ကြောင်း မန္တလေးစည်ပင် တာဝန်ရှိသူများက ပြောသည်။

 “ဒီလိုမျိုး စာချုပ်ချုပ်နိုင်ဖို့အတွက် ကြားထဲမှာ နှစ်နှစ်လောက် ကြာခဲ့ပါတယ်။  ပြည်ကြီးတံခွန်မှာ ရှိတဲ့ ပြည်သူတွေ သန့်ရှင်းတဲ့ လုံခြုံစိတ်ချရတဲ့ ရေတွေကို သောက်သုံးနိုင်မှာ။ လူတွေလည်း စက်ရေတွင်းတူးပြီး မြေအောက်ရေတွေ သုံးစွဲတာကို ထိန်းချုပ်နိုင်မှာ” ဟု ဒေါ်မြင့်မြင့်သန်းက ပြောသည်။

ရေပေးရေး စီမံကိန်းအတွက် ချေးငွေရယူရန် မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများနှင့် နယ်သာလန်နိုင်ငံ တာဝန်ရှိသူများ သဘောတူ စာချုပ် ချုပ်ဆိုစဉ်/ Photo – Htet Bhone Khaung.

စီမံကိန်းပြီးစီး၍ ရေသန့်ရရှိပါက ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ရေမီတာများ တပ်ဆင်သုံးစွဲပြီး အဝီစိရေ ထုတ်ယူသုံးစွဲမှု လျှော့ချရန် လက်ရှိအချိန်တည်းက အသိပညာပေးမည် ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဇော်မောင်(ခ) ဦးဇော်မောင်မောင်က ပြောသည်။

“နယ်သာလန်ရဲ့ နည်းပညာက အဆင့်မြင့်ဆုံး ဖြစ်တယ်။ သောက်သုံုးဖို့ကလည်း ပြည်သူလူထု အိမ်တိုင်းစေ့အပြင် စက်ရုံအလုပ်ရုံတွေနဲ့ စာသင်ကျောင်းတွေပါ ပါတယ်။ အရင်က အဝီစိတွင်းကနေ ရေယူတယ်။ အဲဒီရေတွေက မသန့်စင်ပါဘူး။ ဘာလို့လဲဆိုတော့ စက်ရုံအလုပ်ရုံများတဲ့ နေရာဆိုတော့ အခုနယ်သာလန်ရဲ့ ရေသန့်ရမယ် ပြည်သူတွေ သန့်စင်တဲ့ရေကို သောက်သုံးနိုင်မှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် လူဦးရေ (၂)သိန်းကျော် နေထိုင်သည်။ မန္တလေးမြို့တော် စည်ပင်အနေဖြင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လူဦးရေ၏ (၃၀)ရာခိုင်နှုန်းအား ရေပေးနိုင်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ရရှိသည့် ဂျပန်ယန်းငွေ (၁ ဒသမ ၇၉) ဘီလီယံဖြင့် ၂၀၁၈ခုနှစ်က ရေပေးဝေးရေ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူများက ပြောသည်။

ရေပေးရေး စီမံကိန်းအတွက် ချေးငွေရယူရန် မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများနှင့် နယ်သာလန်နိုင်ငံ တာဝန်ရှိသူများ သဘောတူ စာချုပ် ချုပ်ဆိုစဉ်/ Photo – Htet Bhone Khaung.

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်