မန္တလေးတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ယခင်နှစ်ထက် ပိုများ၊

တစ်တိုင်းလုံးတွင် အမြင်အာရုံ၊အကြားအာရုံ မသန်စွမ်းသူ (၂၀)ဦးနှင့် မန္တလေး အိုးဘိုအကျဉ်းထောင်၌ ကျောင်းသား (၈၀)ကျော် ဖြေဆိုမည်

မောင်မင်းမော်၊ မတ်- ၇

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ (၁၃၀၀၀၀)ကျော် ရှိပြီး ယခင်နှစ်ထက် တစ်သောင်းကျော် ပိုမိုများပြားကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင်က ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့်ကာလမှာ မတ်လ(၁၁)မှ(၂၀)ရက်အထိ ဖြစ်သည်။ မန္တလေးတိုင်းအတွင်း ယခုနှစ် တက္ကသိုလ်ဝင်တန်း (၁၀တန်း) စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ (၁၃၃၄၁၅)ဦး ရှိပြီး ယခင်နှစ်ထက် (၁၄၂၀၅)ဦး ပိုမိုများပြားကြောင်း ဦးစိုးလွင်က ပြောသည်။

တစ်တိုင်းလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၂၂၀)ခု ရှိမည်ဖြစ်ပြီး စာစစ်ဌာန အနေဖြင့်လည်း ယခင်နှစ်ထက် (၁၇)ခု ပိုမိုမည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအနက် အမြင်အာရုံ မသန်စွမ်းသူ (၉)ဦးနှင့် အကြားအာရုံ မသန်စွမ်းသူ (၁၁)ဦး ပါဝင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ထို့အပြင် အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ကျောင်းသားကျောင်းသူ (၈၂)ဦးလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း ဦးစိုးလွင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်က မန္တလေးအိုးဘိုအကျဉ်ထောင်မှ အကျဉ်းသား ကျောင်းသားကျောင်းသူ (၇၁)ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး (၄၂)ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း (၅၉ ဒဿမ ၁၅)အထိ ရှိခဲ့သည်။

ရက်ပိုင်းအတွင်း စတင်ဖြေဆိုတော့မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ‌အတွက် မန္တလေးတိုင်းတွင်  စာမေးပွဲ စောင့်ကြပ်ရန် ကြီးကြပ်ရေးမှူးများ ရွေးချယ်ထားပြီးဖြစ်ကာ စာမေးပွဲ‌ဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် မသမာမှု ကင်းရှင်းစေရန် ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ယခင်နှစ်က တက္ကသိုလ်ဝင်တန်း‌စာမေးပွဲ ဖြေဆိုသူ (၁၁၉၂၁၀)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၄၃၀၇၅)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၃၆ ဒသမ ၁၃) ရှိခဲ့သည်။ ယခင်နှစ်က မန္တလေးတိုင်း၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ မွန်ပြည်နယ် ပြီးလျှင် မြန်မာတစ်နိုင်ငံလုံး၌ အောင်ချက်ရာခိုင်နှုန်း ဒုတိယအကောင်းဆုံး ဖြစ်သည်။

မန္တလေးရှိ အ‌ခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများ/ Photo – ဒီဒါင်းမေ

#Mandalay_Indepth_News #Mandalay_News  #တက္ကသိုလ်ဝင်တန်း #ဆယ်တန်း #စာမေးပွဲ #ကျောင်းသားကျောင်းသူ

.

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်