မောင်မင်းမော်၊ ဖေဖော်ဝါရီ-၁
မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်နိုင်ငံသား ခရီးသွားများကို ယနေ့ ဖေဖေါ်ဝါရီ(၁)ရက်မှ စတင်ကာ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးမှု ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှု စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိလာခြင်းကြောင့် မြန်မာနိုင်တွင် ယင်းရောဂါအား ကာကွယ်ထိန်း ချုပ်နိုင်ရန် ယခုကဲ့သို့ ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နေ့စဉ် လေယာဉ် (၂၆) စီးခန့်ဖြင့် လူဦးရေ (၂၆၀၀)ကျော် ဝင်ရောက်နေကြောင်း၊ ဇန်နဝါရီ ၅ရက်မှ ၃၀ရက်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက် (၂၆၀၀၀၀)ကျော် ရှိခဲ့ပြီး ရန်ကုန်လေဆိပ်သို့ (၁၇၀,၀၀၀) ဦး၊ မန္တလေးလေဆိပ်သို့ (၉၀,၀၀၀) ဦးနှင့် နေပြည်တော်လေဆိပ်သို့ (၃,၀၀၀) ဦး ဝင်ရောက်ခဲ့သည်ဟု ကျန်မာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်မြို့၌ ယနေ့ ကျင်းပသည့် အဆုတ်ရောင် ရောဂါ စောင့်ကြပ်ကြည့်ရှု့ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် 2019 CoronaVirus (2019n-CoV) ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၃၀-၁-၂၀၂၀ ရက်နေ့မှ စတင်၍ ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသို့ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ ယနေ့ အကြောင်းကြားထားခဲ့ပြီး ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် လေကြောင်းခရီးဖြင့် လာရောက်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံသားများအား ဆိုက်ရောက်ဗီဇာ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မကာအိုစသည့် နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် အခြား ကမ္ဘာ့နိုင်ငံ (၁၁)နိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားသည်။

ဇန်နဝါရီ(၂၈)ရက်က မန္တလေးတံတားဦးလေဆိပ်တွင် တွေ့ရသည့် နိုင်ငံခြားသား ခရီးသွားများ/ Photo – San Yu Dht Uppermyanmar FB.
#Mandalay_Indepth_News
#Visa #Tourist #Airport
.