ငလျင်လှုပ်ပြီးနောက် မိုးကုတ်တွင် ကျောက်တွင်းပြို၊ လူနှစ်ဦး ခဲစာပိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေ

ဘုန်းနေ၊ မတ်-၇

အင်အားအနည်းငယ်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် မိုးကုတ်မြို့နယ်၌ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း (ကျောက်တွင်း)တစ်ခု တွင်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့နယ် အနောက်ပိုင်း၊ ကျပ်ပြင်တိုက်နယ်၊ ပြောင်းပြင်ကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက်ပတ္တမြား တူးဖော်ရေးလုပ်သည့် ကျောက်တွင်းတစ်ခု ပြိုကျပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ ကျောက်တွင်းပြိုမှုကြောင့် အမျိုးသားနှစ်ဦး ခဲစာပိကာ ပျောက်ဆုံးနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း မိုးကုတ် လူမှုကယ်ဆယ်ရေး အသင်း ဥက္ကဌ ဦးအောင်ကျော်မိုးက Mandalay In-depth News အား ပြောသည်။

“ဆယ်နာရီကျော်မှာ ငလျင်လှုပ်တယ်။ ခဲစာပြိုပြီး လူနှစ်ယောက်ပါသွားတယ်။ လူနှစ်ယောက် ပါသွားတာ အတည်ပြုလို့ရတယ်။ အသက်ရှင်၊မရှင်နဲ့ အထဲမှာ တခြားလူ ရှိ၊မရှိကိုတော့ အတည်ပြုလို့မရသေးဘူး”ဟု ဦးအောင်ကျော်မိုးက ဆိုသည်။

ကျောက်တွင်းပြိုမှုတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ်/ Photo – ကိုစံလင်း (မိုးကုတ်)

ကျောက်စာတောင်တွင် ယနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က တွင်းပိတ်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းနှင့် လက်ရှိတွင် ရှာဖွေကယ်ဆယ်‌ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦး က Mandalay In-Depth News အား ပြောသည်။

“အခုမှ ကယ်ဆယ်ရေး အဖွဲ့တွေ လုပ်နေတုန်းရှိသေးတယ်။ ဘယ်သူတွေပါတယ်ဆိုတာ မေးမြန်းစုံစမ်းတုန်း။ အတည်ပြုလို့ မရသေးဘူး။ အထဲမှာတော့ လူရှိတယ်လို့ သိရတယ်။ လူအများကြီးတော့ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ငလျင်လှုပ်ပြီးနောက် ပြိုကျခဲ့သည့် ကျောက်စာတောင်မှာ ယခင်ကတည်းက မြေပြင်တွင် အက်ကြောင်းများ ပေါ်နေခဲ့ပြီး မြေအောက်ရှိ   တွင်းဟောင်းများသည် ဒေါက်တိုင်များ ဖြုတ်ထားသောကြောင့် အန္တရာယ်များသည့် နေရာ တစ်ခုဖြစ်ကြောင်း မိုးကုတ်ဒေသခံ တစ်ဦးက သုံးသပ်သည်။

“ငလျင် လှုပ်တာနဲ့ တွင်းတွေကလည်း ပြိုချင်သလို ဖြစ်နေတာဆိုတော့ ဆပ်စပ်မိသွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ကျောက်တွင်းပြိုမှုတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ်/ Photo – ကိုစံလင်း (မိုးကုတ်)

ယနေ့ မတ်လ (၇) ရက် နံနက် (၁၀)နာရီခွဲဝန်းကျင်က စစ်ကိုင်းတိုင်း ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၅) မိုင်ခန့် အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း သပိတ်ကျင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၂)မိုင် ခန့်အကွာ) ၌ အနက် (၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒဿမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ကျောက်တွင်းပြိုမှုတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ်/ Photo – ကိုစံလင်း (မိုးကုတ်)

#Mandalay_Indepth_News

#Mandalay_News #Mogok #မိုးကုတ် #ကျောက်တွင်းပြို #Ruby #RubyLand #ပတ္တမြားမြေ

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်