မန္တလေးတွင် လိင်တူချစ်သူ အမျိုးသားတစ်ဦး သတ်ဖြတ်လုယက်ခံရ၊ ကျူးလွန်သူကို (၁၅)နာရီအတွင်း ဖမ်းမိ

သူရိန်မင်း၊ မတ် – ၅

မန္တလေးမြို့အနီး ဆည်တော်ကြီးမြောင်းဘောင်ဘေး လယ်တောတွင် မတ်လ(၃)ရက် ညပိုင်းက မျိုးလှိုင်(ခ)ဖြူဖြူကျော်သိန်း ဆိုသည့် လိင်တူချစ်သူ အမျိုးသားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ လုယက်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို အခင်းဖြစ်ပြီး (၁၅)နာရီအကြာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လိင်တူချစ်သူ အမျိုးသားကို သတ်သူသည် စွယ်တော်ကားကြီးဝင်းတွင် ကုန်တင်ကုန်ချ လုပ်ကိုင်သူ အသက်(၂၁)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းကို မတ်လ(၄)ရက် ည(၁၂)နာရီကျော်အချိန်တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အခင်းဖြစ်ချိန်က ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများ လိုက်လံရောင်းချနေသည့် စွယ်တော်ကားကြီးဝင်းအတွင်း ကုန်တင်ကုန်ချလုပ်ကိုင်သည့် အသက်(၂၉)နှစ်အရွယ် အမျိုးသားကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ပုသိမ်ကြီးမြို့မရဲစခန်းမှ သတင်းရရှိသည်။

မတ်လ(၄)ရက် နံနက်ပိုင်းက မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ အရှေ့မြောက်ဘက်ရှိ ရေမြောင်းအတွင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးသားသည် ၎င်း၏ ညီဖြစ်ကြောင်းနှင့် သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ဖုုန်းနှင့် ဆိုင်ကယ်တို့ ပျောက်ဆုံးနေသဖြင့် စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် အမျိုးသားတစ်ဦးက ပုသိမ်ကြီးမြို့မရဲစခန်း၌ အမှုဖွင့် တိုင်တန်းခဲ့သည်။

အခင်းဖြစ်ပွားရာ နေရာကို ပြသနေစဉ်/ Photo – သူရိန်မင်း

ဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့မရဲစခန်းမှ စခန်းမှုး  ဒုရဲမှုးဇင်မင်းကိုနှင့်အဖွဲ့သည် အခင်းဖြစ်ပွားသည့် နေရာတွင် ကျန်ရှိခဲ့သော vivo အမျိုးအစား ဖုန်းဟန်းဆက်မှ တစ်ဆင့် စုံစမ်းရာ ဖုန်းပိုင်ရှင်သည် နောင်နောင်(ခ)ကျော်ထက်နောင် ဖြစ်ပြီး စွယ်တော်ကားဝင်းအတွင်း အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရှိခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် ပြစ်မှုကျူးလွန်သူ ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်ရာမှ  နောင်နောင်(ခ)ကျော်ထက်အောင်နှင့် အခြားအမျိုးသားတစ်ဦးတို့သည် ကားဝင်းအနီးရှိ ဘီယာဆိုင်တစ်ဆိုင်ရှေ့တွင် လုံးထွေးဖမ်းဆီးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူ နောင်နောင်(ခ)ကျော်ထက်နောင်ကို စစ်ဆေးရာ အခင်းမဖြစ်မီ မတ်လ(၃)ရက် ည(၉)နာရီဝန်းကျင်က လမ်းဘေးကွမ်းယာဆိုင်တွင်ဆိုင်ကယ် တက္ကစီငှားရမ်းရာမှ သေဆုံးသူ မျိုးလှိုင်(ခ)ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဆည်တော်မြောင်းဘောင်ဘေးရှိ လယ်တောသို့ ခေါ်ဆောင်ကာ အရက်အတူသောက်ပြီး ကာမဆက်ဆံရန် ပြောဆိုရာမှ တစ်ယောက်တစ်ခွန်း စကားများပြီး လူသတ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အခင်းဖြစ်ပွားရာ နေရာကို ပြသနေစဉ်/ Photo – သူရိန်မင်း

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျုးလွန်သူ နောင်နောင်(ခ)ကျော်ထက်နောင် (၂၁)နှစ် (ကုန်တင်၊ကုန်ချ၊ စွယ်တော်ကားကွင်း၊ အမရပူရမြို့နယ်)နှင့် ရွှေထည်ပစ္စည်းများ ရောင်းချရာတွင် ကူညီပေးသူ ဖြိုးဝေအောင်(၂၉)နှစ် (ကုန်တင်ကုန်ချ၊ စွယ်တော်ကားကွင်း၊ အမရပူရမြို့နယ်)တို့အား ပုသိမ်ကြီးမြို့မ ရဲစခန်း၌ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂/၃၉၄ (လူသတ်မှု၊ လုယက်မှုကျူးလွန်ရာတွင် နာကျင်စေမှု) ဖြင့် အမှု့ဖွင့်၍ ချုပ်ရက်ရမ္မာန်ယူကာ စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မန္တလေးတိုင်းအတွင်း လူသတ်မှု ၁၄၀ မှု ဖြစ်ပွားခဲ့ပြီး ၁၁၃ မှုကို ဖမ်းဆီးတရားစွဲတင်နိုင်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Photo – သူရိန်မင်း

#Mandalay_Indepth_News #Mandalay_Crimes_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်