မန္တလေးဆောင်း သုံးနှစ်အတွင်း အအေးဆုံးဖြစ်ခဲ့၊ ဖေဖေါ်ဝါရီလဆန်းအထိ ဆက်အေးနိုင်

မောင်မင်းမော် ၊ ဇန်နဝါရီ-၂

မန္တလေးမြို့၏ ယခုနှစ်ဆောင်းရာသီ ဒီဇင်ဘာလ အအေးဓါတ်သည် သုံးနှစ်အတွင်း အအေးဆုံးဖြစ်သလို ၂၀၁၀မတိုင်မီ နှစ်(၃၀)ကာလထက်ပင် အအေးပိုခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

“ဆောင်းလေ အားကောင်းတာ၊ အထူးသဖြင့် အနောက်မြောက်လေအေးတွေ ပိုတာကြောင့်ပါ” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည်ဌာနခွဲ ၊မန္တလေးမြို့ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

ဒီဇင်ဘာလအတွင်း မန္တလေးမြို့၏ ပျမ်းမျှ ညအပူချိန်သည် (၁၅ဒသမ၉) ဒီဂရီ စင်တီဂရိတ်သာ ရှိခဲ့ပြီး ယင်းမှာ ၂၀၁၈ ဒီဇင်ဘာတွင် ဖြစ်ပေါ်ခဲ့သည့် ညအပူချိန် (၁၇ဒသမ၆)ဒီဂရီ စင်တီဂရိတ်နှင့် ၂၀၁၇ ဒီဇင်ဘာတွင် ဖြစ်ပေါ်ခဲ့သည့် (၁၇ဒသမ၁) ဒီဂရီ စင်တီဂရိတ်တို့ထက် အအေးပိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မန္တလေးမြို့၏ ယခုဆောင်းရာသီ ဒီဇင်ဘာလ အအေးဓါတ်သည် ၁၉၈၁ မှ ၂၀၁၀အထိ နှစ်(၃၀)အတွင်း ဖြစ်ပေါ်ခဲ့သည့် ဒီဇင်ဘာလ အအေးထက်လည်း အအေးပိုခဲ့ကြောင်း ဦးကျော်လွင်ဦးက ရှင်းပြသည်။

Photo – Mg Min Maw

ပုံမှန်အားဖြင့် ဆောင်းရာသီကာလများတွင် တစ်လလျှင်တစ်ကြိမ်သာ အအေးပို‌လေ့ရှိသော်လည်း ယခုနှစ် မန္တလေးဆောင်းရာသီသည် ဖေဖေါ်ဝါရီလဆန်းရက်များအထိ ဆက်လက်အအေးဓါတ် ရှိနေနိုင်သည်ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တွင် ယခု နှစ်သစ်ကူးကာလအတွင်း မိုးဖွဲများ ရွာခဲ့ပြီး ပုံမှန်ရက်များထက် အအေးပိုခဲ့သည်။ ထူးခြားသည့် မိုးလေဝသအခြေအနေများ အနေဖြင့် အနောက်မြောက်ဒေသမှ လေအေးများ၊ အထက်လေထုနှင့် အနောက်လေစီးကြောင်းများ၏ သက်ရောက်မှုကြောင့် မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် တိမ်ထူထပ်ခြင်း၊ မိုးဖွဲအနည်းငယ် ရွာခြင်းများ ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

“နှစ်ကုန်ရက်တွေနဲ့ နှစ်သစ်ကူးကာလတွေမှာ အေးစိမ့်ပြီး ဆောင်းမိုးဖွဲတွေ ရွာတာ အခုနောက်ပိုင်း ပုံမှန်ဖြစ်လာတာ တွေ့ရတယ်”ဟု ဦးကျော်လွင်ဦးက ပြောသည်။

Photo – Mg Min Maw

မန္တလေးမြို့၏ စံချိန်တင် အအေးဆုံးကာလမှာ ၁၉၆၄က ဖြစ်ပြီး ထိုစဉ်က ညအပူချိန် (၇ဒသမ၂) ဒီဂရီ စင်တီဂရိတ်ဖြင့် အအေး စံချိန်တင်ထားကြောင်း မိုး၊ဇလဌာန မှတ်တမ်းများကို ကိုးကား၍ ဦးကျော်လွင်ဦးက ပြောသည်။

.

ဆောင်းရာသီကာလ မန္တလေးကျုံးဘေးတွင် လမ်းလျှောက်နေကြသူများ/ Photo – Mg Min Maw

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်