မန္တလေးတွင် ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းမှုများ မကြာခနဖြစ်ပွားနေ
ဘုံကမ္ဘာထွန်း၊ ဇန်နဝါရီ-၂
မန္တလေးမြို့တွင် အငှားယာဉ်မောင်းများက ခရီးသည်များကို ခြိမ်းခြောက်ကာ ငွေကျပ်(၇)သိန်းကျော်နှင့် တရုတ်ယွမ်ငွေ (၁၀၀၀)ကျော် လုယက်တောင်းယူမှု ဇန်နဝါရီ(၁)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီ(၁)ရက် နံနက် (၅)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် မူဆယ်မြို့မှ ရန်ကုန်သို့ သွားရန် မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ကားဝင်းသို့ ရောက်ရှိလာသည့် အသက်(၂၃)နှစ်အရွယ် အိုက်ထွန်းလူ ဆိုသူအပါအဝင် ခရီးသည် (၃)ဦးသည် ကားဝင်းမှ တည်းခိုခန်းသို့ သွားရောက်ရန် ဆိုင်ကယ်တက္ကစီ (၂)စီး ငှားရမ်းခဲ့ရာမှ ဆိုင်ကယ်တက္ကစီယာဉ်မောင်းနှင့် အငှားကားမောင်းသူများက ခြိမ်းခြောက်ကာ ငွေများ လုယက်တောင်းယူ ခံရခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အိုက်ထွန်းလူ အပါအဝင် ခရီးသည်(၃)ဦးသည် ဆိုင်ကယ်တက္ကစီနှစ်စီး ငှားရမ်း၍ တည်းခိုခန်းသို့ သွားရာ အခန်းပြည့်နေသဖြင့် ဆိုင်ကယ်တက္ကစီမောင်းသူ (၂)ဦးက ရန်ကုန်သွားမည့် ကားဂိတ်သို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောဆိုကာ ချမ်းအေးသာစံမြို့နယ် (၇၇)လမ်း၊ (၃၂)လမ်းနှင့် (၃၃)လမ်းကြားသို့ ပို့ဆောင်ပေးကာ ခွေးဘီလူးကားတစ်စီးပေါ် တင်ပေးခဲ့သည်ဟု ဆိုသည်။ ထို့နောက် အဆိုပါ ဆိုင်ကယ်တက္ကစီမောင်းသူ နှစ်ဦးက တက္ကစီခအဖြစ် ခရီးသည်တစ်ဦးလျှင် ငွေကျပ် (၃၆၀၀၀)နှုန်းဖြင့် ကျပ်(၁၀၈၀၀၀) တောင်းယူသွားခဲ့သလို ခွေးဘီးလူးယာဉ်ပေါ်မှ အမျိုးသား(၅)ဦးကလည်း ခရီးသည် (၃)ဦးကို ဝိုင်းဝန်းခြိမ်းခြောက် ပြောဆိုကာ ငွေကျပ် (၆၃၀၀၀၀)နှင့် တရုတ်ယွမ်ငွေ (၁၂၀၀)ကို လုယက်ယူဆောင် သွားခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မဟာအောင်မြေ မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၆/၁၁၄ (ခြောက်လှန့် တောင်းယူမှု၊ အားပေးကူညီမှု) ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူများကို စုံစမ်းခဲ့ရာ ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းသူများမှာ ဝင်းအောင် (ခ)နွားကြီး (၅၈)နှစ် အပါအဝင် အမျိုးသား(၇)ဦး ဖြစ်ကြောင်း သိရှိခဲ့ပြီး ယင်းနေ့ နံနက်(၉)နာရီကျော်အချိန်တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
“လိမ်သွားတဲ့သူတွေတော့ အကုန်လုံး ဖမ်းမိထားပြီး အမှုဖွင့် စစ်ဆေးနေပါတယ်” ဟု မန္တလေးမြို့ မဟာအောင်မြေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခြိမ်းခြောက်တောင်းယူသွားသည့် ငွေကြေးများ အပြည့်အ၀ ပြန်လည်ရရှိရန်အတွက်လည်း ဆောင်ရွက်ပေးနေသည်ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်နှင့် ကားတက္ကစီသမားများက ခရီးသည်များထံမှ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ မကြာခနဖြစ်ပွားလျှက်သည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ယခုကဲ့သို့ ဆိုင်ကယ်နှင့် ကားတက္ကစီမောင်းသူများက ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှု နှစ်ခု ဖြစ်ပွားခဲ့သေးသည်။
သြဂုတ်(၅)ရက်က ကန့်ဘလူမြို့မှ နေပြည်တော်သို့သွားရန် မန္တလေးမြို့သို့ ရောက်ရှိလာသည့် ခရီးသည်သုံးဦးထံမှ ဆိုင်ကယ်တက္ကစီသမားငါးဦးက ခြိမ်းခြောက်ငွေတောင်းယူမူ ဖြစ်ပွားခဲ့ပြီး မန္တလေးမြို့ သီရိမန္တလာကားကွင်းမှ ကျွဲဆည်ကန်ကားဝင်းသို့ လူတစ်ဦး(၂၀၀၀)ကျပ်နှုန်းဖြင့် ငှားစီးသည့်အပေါ် ဆိုင်ကယ်တက္ကစီသမားများက လမ်းတစ်ပြလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ငွေကျပ်သုံးသောင်းကျော် ခြိမ်းခြောက်တောင်းခံခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သြဂုတ် (၁၅)ရက်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်ကားဝင်းသို့ ရောက်ရှိလာသည့် ခရီးသည်တစ်ဦးကို အမည်မသိလူငယ်တစ်ဦးမှ ၎င်းသည် တက္ကစီသမားဖြစ်ကြောင်း ပြော၍ ငွေကျပ်လေးထောင်ဖြင့် ၄၁လမ်း၊ ၅၁လမ်းနှင့်၅၂လမ်းကြားသို့ လိုက်ပို့ပေးရန် သဘောတူခဲ့ပြီးနောက် ခရီးသည်ထံမှ ငွေကျပ်နှစ်သောင်း ခြိမ်းခြောက်တောင်းယူခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့တွင် ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းမူများ မကြာခန ဖြစ်ပွားနေရာ ဆိုင်ကယ်နှင့် ကားတက္ကစီများ ငှားရမ်းအသုံးပြုမည်ဆိုပါက စည်ပင်သာယာ အသိအမှတ်ပြု တက္ကစီမောင်းနှင်သူများကိုသာ ငှားရမ်းကြရန်နှင့် အဆင်မပြေမူများ ရှိပါက ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို ကားဝင်းများတွင် အသိပေးကြေညာထားသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရဲတပ်ဖွဲ့ ရဲမှူးငြိမ်းချမ်းအောင်က ပြောကြားထားသည်။
ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းသူများကို ဖမ်းဆီးထားစဉ်/ Photo – ပြည်ထဲရေး