မန္တလေးမြို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဝူဟန်မြို့သား (၇၀)ကျော်ကို တရုတ်အစိုးရက အထူးလေယာဉ်ဖြင့် ယခုည လာရောက်ခေါ်ဆောင်မည်

ဇန်နဝါရီ(၂၃)ရက်က ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာသည့် ဝူဟန်မြို့သားများ ဖြစ်နိုင်ခြေရှိ

ဘုန်းနေ၊ ဇန်နဝါရီ-၂၈

မန္တလေးမြို့သို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဝူဟန်မြို့သူ၊မြို့သား (၇၀)ကျော်ကို တရုတ်အစိုးရ အထူးလေယာဉ်ဖြင့် ယနေ့ည (၉)နာရီကျော်အချိန်တွင် လာရောက်ခေါ်ဆောင်မည် ဖြစ်သည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဝူဟန်မြို့မှ တရုတ်နိုင်ငံသား (၇၃)ဦးသည် မန္တလေးမြို့သို့ ရောက်ရှိနေပြီး အိမ်ပြန်ခွင့်မရသေးဘဲ တရုတ်အစိုးရက ယခုည (၉)နာရီခွဲအချိန်တွင် အထူးလေယာဉ်ဖြင့် မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ခေါ်ဆောင်မည် ဖြစ်သည်ဟု လေဆိပ်တာဝန်ရှိသူတစ်ဦးက Mandalay In-depth News အား အတည်ပြုပြောကြားသည်။

“ဒီည ကိုးနာရီ ရှန်ဟိုင်းကနေ လေယာဉ်တစ်စင်း မန္တလေးလေဆိပ်ကို ဆိုက်မယ်။ သူတို့ ရည်ရွယ်ချက်က  ဝူဟန်မြို့သူ၊ မြို့သား (၇၃)ယောက် မန္တလေးမှာ ရှိနေတယ်။ လာခေါ်တာ။ အဲဒီလေယာဉ်က ဒီည ကိုးခွဲ ပြန်တက်မှာ။ (၇၃)ဦးထက် ကျော်ချင်လည်း ကျော်နိုင်တယ်။ တရုတ်ကောင်စစ်ဝန် ရုံးကနေ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို အားချင်း ခွင့်တောင်းပြီး ချက်ချင်း ဆင်းလာတာ။ ကိုးနာရီ ဆိုက်ပြီး ကိုးနာရီခွဲ ပြန်တက်မှာ” ဟု မန္တလေး တံတားဦးလေဆိပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မန္တလေးမြို့နှင့် တရုတ်နိုင်ငံ ဝူဟန်မြို့ကြား ယခင်က တစ်ပါတ်လျှင် နှစ်ကြိမ် တနင်္လာနှင့် သောကြာနေ့များ၌ လေကြောင်းပျံသန်းမှု ရှိပြီး လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ဖြစ်ပွားနေမှုကြောင့် လေကြောင်း ခရီးစဉ်များ ရပ်နားထားသည်။

ဇန်နဝါရီ(၂၄)ရက်မှစတင်ကာ မန္တလေး-ဝူဟန် လေကြောင်း ပျံသန်းမှု ရပ်နားထာပြီး ခရီးစဉ် ပြန်လည်ပျံသန်းမည့်အချိန် အတိအကျ မသိရသေးပါ။

ပြီးခဲ့သည့် ဇန်နဝါရီ(၂၃)ရက်က ဝူဟန်မြို့မှ ရန်ကုန်လေဆိပ်သို့ ဆင်းသက်လာသည့် လေယာဉ်တစ်စင်း ရှိခဲ့ပြီး ယခု အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်မည့် သူများမှာ ဇန်နဝါရီ(၂၃)ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဝူဟန်မြို့သား တရုတ်နိုင်ငံသားများ ဖြစ်နိုင်သည်ဟု အချိုံ ခန့်မှန်းသည်။

မန္တလေးမြို့၌ သောင်တင်နေသည့် ဝူဟန်မြို့သူ၊မြို့သား တရုတ်နိုင်ငံသားများအနေဖြင့် အလည်အပါတ်လာရောက်ခြင်း သို့မဟုတ် မည်သည့် ဗီဇာအမျိုးအစားဖြင့် လာရောက်ကြသည်ဆိုသည်ကိုမှု Mandalay In-depth News မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ  2019 Novel Coronavirus(2019-nCov) ကူးစက်မြန် ပြင်းထန် အဆုတ်ရောင် ရောဂါ ဖြစ်ပွားခဲ့သည်။ အဆိုပါ ရောဂါ ကူးစက်ပျံ့နှံမှုကြောင့် ဇန်နဝါရီ တတိယပတ်မှစတင်ကာ တရုတ်အစိုးရက ဝူဟန်မြို့အပါအဝင် တရုတ်နိုင်ငံရှိ ရောဂါကူးစက်ခံရသည့် မြို့ကြီးအချို့ကို လေကြောင်း၊ကုန်းကြောင်းစသည့် ခရီးသွားလာမှုများ ကန့်သတ်ပိတ်ပင်ခဲ့သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ လက်ရှိအချိန်အထိ တရုတ်နိုင်ငံတွင်းရှိ အခြားမြို့များအပြင် ကမ္ဘာ့နိုင်ငံအချို့သို့ ဆက်လက်ကူးစက်ပျံ့နှံ့နေပြီး ဇန်နဝါရီ(၂၈)ရက်အထိ အဆိုပါ ရောဂါ ကူးစက်ခံရသူ (၄၀၀၀) ကျော်နှင့် သေဆုံးသူ (၁၀၀)ကျော် ရှိလာပြီ ဖြစ်သည်။

တချိန်တည်းမှာပင် ဝူဟန်မြို့သို့ ရောက်ရှိနေသည့် မြန်မာကျောင်းသား(၆၀)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားနေကြောင်း ဘေဂျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အစိုးရတာဝန်ရှိသူများက ထုတ်ပြန်ပြောကြားထားသည်။

သို့သော် မြန်မာကျောင်းသားများ နေရပ်ပြန်လည်ရောက်ရှိမည့် အချိန်ကိုမူ အစိုးရက ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါ။

ဝူဟန်မြို့သို့ ရောက်ရှိနေသော မြန်မာကျောင်းသား (၆၀)သည် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းကျောင်းသားများ ပြန်လည်ရောက်ရှိလာချိန် သီးသန့်ထားရှိနိုင်ရန် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံကို ဇန်နဝါရီ(၂၇)ရက်ကတည်းက ကြိုတင်ရှင်းလင်းကာ အဆင့်သင့်ပြင်ဆင်ထားသည်။

မန္တလေးမြို့တွင်း လည်ပတ်နေသည့် တရုတ်ခရီးသွားများကို ဇန်နဝါရီ(၂၆)ရက်က တွေ့ရစဉ်/ Photo – Bhone Nay.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်