မန္တလေး (၁၆)မိုင်ဂိတ်တွင် အကောက်ခွန်မဲ့ လက်ကိုင်ဖုန်း အလုံး(၄၀၀၀)ကျော် ဖမ်းမိ

တေဇ၊ ဇန်နဝါရီ-၄

မန္တလေးမြို့အနီး (၁၆)မိုင် စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ(၃)ရက်က ကားနှစ်စီးပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ သယ်ဆောင်လာသည့် လက်ကိုင်ဖုန်း အလုံးရေ(၄၄၀၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မန္တလေး-မူဆယ်ကားလမ်းတွင် အကောက်အခွန်မဲ့ပစ္စည်းများ သယ်ဆောင်ဖြတ်သန်းသွားလာလျှက် ရှိကြောင်း သတင်းအရ တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ရာမှ အကောက်ခွန်မဲ့ သယ်ဆောင်လာသည့် လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ(၃)ရက် နံနက်ပိုင်းက မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ်(၁၉/၅)အနီးတွင် မူဆယ်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် TOYOTA Hiace အဖြူရောင်ယာဉ်နှင့် TOYOTA RegiusHiace အဖြူရောင်ယာဉ်တို့ကို မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းခဲ့သည်။

Phptp – Mandalay Police FB.

ထိုသို့ စစ်ဆေးရာ မူဆယ်မြို့မှ အေးခဲအသားများ တင်ဆောင်လာကြောင်း ပြောပြသိရှိရသဖြင့် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်၍ ဆက်လက်စစ်ဆေးခဲ့ရာမှ အေးခဲအသားများ အောက်တွင် ဂျပ်ဖာများဖြင့် ထည့်ကာ သိုဝှက်သယ်ဆောင်လာသည့် အမှတ်တံဆိပ် မျိုးစုံပါ  အကောက်ခွန်မဲ့ ဖုန်းအသစ်၊ အဟောင်းမျိုးစုံ (၄၄၈၂)လုံးနှင့် Memory Stick နှင့် SD Card များ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။

TOYOTA Hiace ယာဉ်ပေါ်မှ ဖုန်းအဟောင်း၊ အသစ်မျိုးစုံ (၁၇၉၂)လုံး၊ Memory Stick (၆၀)ခုနှင့် SD Card (၁၄၀၀)ခု၊ TOYOTA RegiusHiace ယာဉ်ပေါ်မှ ဖုန်းအသစ်မျိုးစုံ (၂၆၉၀) လုံး ဖမ်းမိခဲ့သည်ဟု ဆိုသည်။


အဆိုပါ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် အကောက်ခွန်မဲ့ သယ်ဆောင်လာခြင်းနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အုန်းချောနယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။

#Mandalay_Indepth_News

#Mandalay_Crimes_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်