ကနဦး သုံးသပ်ချက်အရ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် သေချာစွာ မကုသထားသော နှလုံးရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဟုဆို
Mandalay In-depth News၊ မတ် – ၆
မန္တလေးမြို့တွင် Covid-19 ရောဂါ စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး သီးခြားထားရှိ ကုသနေစဉ် ကွယ်လွန်ခဲ့မှုနှင့် ပတ်သက်၍ အဆိုပါ လူနာအမျိုးသမီးတွင် Covid-19 ရောဂါ ရှိ၊မရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပါ။
ယနေ့ မတ်(၆)ရက် နံနက်ပိုင်းက မန္တလေး ကန်တော်နဒီဆေးရုံ၌ သေဆုံးခဲ့သည့် အဆိုပါ လူနာအမျိုးသမီးတွင် Covid-19 ရောဂါပိုး ရှိ၊မရှိနှင့်ပတ်သက်၍ ၎င်း၏ ဓာတ်ခွဲအဖြေအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ မတ်လ(၆)ရက် ည(၈)နာရီတွင် သတင်းထုတ်ပြန်သည်။
သို့သော် ကနဦး သုံးသပ်ချက်အရ အဆိုပါ လူနာအမျိုးသမီး သေဆုံးမှုမှာ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် သေချာစွာ မကုသထားသော နှလုံးရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
“မတ်လ(၄)ရက်မှစ၍ စောင့်ကြည့်လူနာအဖြစ် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံကြီးတွင် အထူးကြပ်မတ် ကုသမှုများ ပေးလျက်ရှိသော မန္တလေး၊ မဟာအောင်မြေမြို့နယ်မှ အသက် (၆၈) နှစ်အရွယ် အမျိုးသမီးသည် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး မတ်လ(၆)ရက် နံနက် (၇:၄၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။ အဆိုပါအမျိုးသမီးတွင် နာတာရှည် နှလုံးရောဂါနှင့် ဆီးချိုရောဂါများ ရှိကြောင်းနှင့် ကနဦး သုံးသပ်ချက်အရ သေဆုံးရသာ အကြောင်းအရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် သေချာစွာ မကုသထားသော နှလုံးရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဖြစ်ကြောင်း သုံးသပ်ပြီး ၎င်း၏ ဓာတ်ခွဲအဖြေအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်”ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သေဆုံးသူ အမျိုးသမီးသည် ဆီးချိုရောဂါ ခံစားနေရသူဖြစ်ပြီး အဆုတ်နှင့် ကျောက်ကပ်များ ကောင်းစွာ အလုပ်မလုပ်တော့ကြောင်း မန္တလေးတိုင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ (SRT) တာဝန်ရှိသူများက Mandalay In-depth News အား ပြောကြားထားသည်။
အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ Covid-19 ရောဂါကြောင့် ဟုတ်၊မဟုတ် ယနေ့ အဖြေသိရမည်ဖြစ်ကြောင်း မန္တလေး SRT တာဝန်ရှိသူများက ပြောကြားထားပြီး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ COVID-19 ရောဂါပိုး ရှိ၊မရှိ အတိအကျ ဖော်ပြထားခြင်း မရှိပေ။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦးသည် ဖေဖော်ဝါရီ (၂၇) ရက်မှစတင်၍ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း ရောဂါ လက္ခဏာများ ခံစားခဲ့ရပြီး သတိကောင်းစွာမရသဖြင့် မတ်(၄)ရက်တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ကြောင်း၊ အဆိုပါလူနာအား စမ်းသပ်စစ်ဆေးရာ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားသည့် ဒေသများသို့ ခရီးသွားရာဇဝင် မရှိသော်လည်း COVID-19 ရောဂါ သံသယလက္ခဏာများ တွေ့ရှိရသဖြင့် ၎င်းအား စောင့်ကြည့်လူနာ (Person Under Investigation – PUI) အဖြစ် သတ်မှတ်ကာ သီးခြားထားရှိ ကုသမှုပေးလျက်ရှိကြောင်းနှင့် ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက မတ်လ(၄)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလမှ လက်ရှိအချိန်ထိ COVID-19 စောင့်ကြည့်လူနာ (၁၀)ဦး ရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးချက်များအရ လူနာ(၉)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဇန်နဝါရီမှ မတ်လ(၅)ရက်အထိ Covid-19 ရောဂါ သံသယလူနာ (၂)ဦးနှင့် စောင့်ကြည့်လူနာ (၅၅)ဦး စုစုပေါင်း (၅၇)ဦးရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးချက်များအရ လူနာ(၅၄)ဦးတွင် ရောဂါပိုးမတွေ့ရှိဘဲ (၂)ဦးမှာ ဓါတ်ခွဲနမူနာ ရယူဆဲဖြစ်ပြီး တစ်ဦးမှာ စောင့်ဆိုင်းဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 သည် တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ (၇၀)ကျော်သို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားလျှက်ရှိပြီး မတ်လ(၅)ရက်အထိ ကမ္ဘာတဝှန်း ရောဂါဖြစ်ပွားသူ (၉၃၀၀၀)ကျော်၊ သေဆုံးသူ (၃၂၀၀)ဝန်းကျင် ရှိနေသည်။
မြန်မာနိုင်ငံတွင် ယင်းရောဂါပိုး တွေ့ရှိသူ တစ်ဦးမျှ မရှိသေးသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါအား တိုင်ကြားရမည့် ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ကာ လူစုလူဝေးနှင့် ပွဲလမ်းသဘင်အခမ်းအနားများမှ ရှောင်ကြဉ်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး ဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် တိုက်တွန်းနှိုးဆော်ထားသည်။

ကူးစက်ရောဂါများ ဖြစ်ပွားပါက လူနာထားရှိ ကုသရန်အတွက် ညွှန်းပို့ဆေးရုံ (Designated Hospital) အဖြစ် သတ်မှတ်ထားသည့် မန္တလေးမြို့ (၆၂)လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံ/Photo – Mg Min Maw.
.
#Mandalay_Indepth_News
#Mandalay_News
.