မန္တလေး မင်္ဂလာဈေး ယခင်(၂)ဧကကျော်မှ ယခု(၃)ဧကကျော်အထိ ကျယ်ဝန်းလာမည်
Mandalay In-depth New၊ ဖေဖေါ်ဝါရီ -၂၉
မန္တလေး မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေး စီမံကိန်းဧရိယာအဖြစ် မန္တလေးမြို့တော်ဝန် နေအိမ်ဧရိယာကိုပါ ထည့်သွင်းကာ ယခင် (၂)ဧကကျော်မှ ယခု (၃)ဧကကျော်အထိ တိုးချဲ့သတ်မှတ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့အတွက် မင်္ဂလာဈေးအသစ် တည်ဆောက်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းဧရိယာသည် မီးဘေးသင့် မင်္ဂလာဈေးဟောင်း ဧရိယာသာမက မြို့တော်ဝန်နေအိမ်ဧရိယာ၊ လူနေဆိုင်ခန်းနေရာများ အပါအဝင် လမ်း၃၀နှင့် ၃၁လမ်းကြား၊ ၇၃လမ်းနှင့် ၇၂လမ်းကြား၊ လမ်းတစ်ပြပတ်လည်ရှိ ဘုရားနှင့် ဓမ္မာရုံဧရိယာမှလွဲ၍ ကျန်ဧရိယာ စုစုပေါင်း ၃ဒဿမ၅၇၄ဧက အထိ ကျယ်ဝန်းလာမည် ဖြစ်သည်။

ယနေ့ ဖေဖေါ်ဝါရီ(၂၉)ရက်စွဲဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာရဲလွင်က ကြေညာသည့် မန္တလေးမြို့ မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက်ရေး အတွက် စီမံကိန်းဧရိယာ သတ်မှတ်သည့် အမိန့်ကြော်ငြာစာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မန္တလေးတိုင်းအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မန္တလေး မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းဧရိယာအဖြစ် ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက်၊ အကွက်အမှတ်(၇၃၉)၊ လမ်း ၃၀နှင့် ၃၁လမ်းကြား၊ ၇၂လမ်းနှင့် ၇၃လမ်းကြားရှိ မင်္ဂလာဈေးဧရိယာ စုစုပေါင်း (၃ ဒဿမ ၇၀၀၆) ဧကအနက် ဘုရားနှင့် ဓမ္မာရုံဧရိယာ (၀ ဒဿမ ၁၂၇၂) ဧကအား ချန်လှပ်၍ ယခင်အသုံးပြုသော မင်္ဂလာဈေးဧရိယာ (၂ ဒဿမ ၆၅၄၃) ဧက၊ မြို့တော်ဝန် နေအိမ်ဧရိယာ (၀ ဒဿမ ၆၇၇၇) ဧက၊ လူနေဆိုင်ခန်း(၉)ခန်း ဧရိယာ(၀ ဒဿမ ၁၅၄၃) ဧကနှင့် ကျန်မြေဧရိယာ (၀ ဒဿမ ၀၈၇၁) ဧက၊ စုစုပေါင်း မြေဧရိယာ (၃ ဒဿမ ၅၇၃၄) ဧကကို စီမံကိန်းဧရိယာအဖြစ် သတ်မှတ်သည်ဟု ဖော်ပြထားသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း၃၀နှင့် ၇၃လမ်းထောင့်ရှိ မင်္ဂလာဈေးသည် ယခင်က ဈေးဆိုင်နှင့် လူနေဆိုင်ခန်းများ ပါရှိသည့် လေးထပ်အမြင့် အဆောက်အဦး ဖြစ်ပြီး ၂၀၁၆ မတ်လအတွင်းက မီးလောင်ပျက်စီးခဲ့သည်။
မင်္ဂလာဈေး မီးလောင်ပြီး လေးနှစ်ကြာချိန်အထိ ဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေရာ လက်ရှိတွင် တိုင်းအစိုးရက ဈေးသစ်တည်ဆောက်ရေး စီမံကိန်းဧရိယာ သတ်မှတ်ခြင်း ဖြစ်သည်။

မီးဘေးသင့် မန္တလေး မင်္ဂလာဈေးနေရာတွင် ဈေးအသစ် တည်ဆောက်ရေး လုပ်ငန်းများ လပိုင်းအတွင်း စတင်ဆောင်ရွက်နိုင်ရန် ကြိုးစားနကြောင်း မန္တလေးတိုင်းအစိုးရ ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ၊ တိုင်းအစိုးရ လျပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောသည်။
မန္တလေး မင်္ဂလာဈေးသည် မြိ့၏ အချက်အချာနေရာတွင် ရှိနေသောကြောင့် ဈေးအသစ် ဒီဇိုင်းသည် ဗိသုကာ အမြင်များဖြင့် နှစ်ပေါင်းများစွာ လိုက်လျောညီထွေဖြစ်သည့် ဒီဇိုင်းဖြစ်ရန် လိုအပ်သလို ဆောက်လုပ်ရေး စံနှုန်းနှင့် ကိုက်ညီသော အဆောက်အဦးတစ်ခုအဖြစ် ဆောက်လုပ်မည်ဖြစ်ကြောင်း ဦးဇာနည်အောင်က ဆိုသည်။

မီးဘေးသင့် မင်္ဂလာဈေးအား ဈေးသစ် အမြန်ဆုံး တည်ဆောက်ပေးရေးနှင့် မြေညီထပ် ဆိုင်ခန်းများရရှိရေး ဖေဖော်ဝါရီ(၁၆)ရက်က မင်္ဂလာဈေးမှ ဈေးသူ၊ ဈေးသားများ အင်အားတစ်ရာကျော်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
မီးဘေးသင့် မင်္ဂလာဈေးမှ ဈေးသူဈေးသားများကို လက်ရှိတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၇၁လမ်းထောင့်ရှိ ဂေါ်ရာဘောလုံးကွင်း မြေနေရာ၌ ယာယီဈေးအဖြစ် ဖွင့်လှစ်ခွင့်ပြုထားသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့အနေဖြင့် မင်္ဂလာဈေးသစ် တည်ဆောက်ရန် စီမံကိန်းနေရာ သတ်မှတ်သော်လည်း တည်ဆောက်မည့် အဆောက်အဦး ပုံစံဒီဇိုင်းကိုမူ ထုတ်ပြန်ခြင်း မရှိသေးပါ။

မန္တလေးမြို့တော်ဝန် နေအိမ်ကိုပါ မင်္ဂလာဈေးအသစ် တည်ဆောက်မည့် စီမံကိန်းဧရိယာအတွင်း ထည့်သွင်းသတ်မှတ်လိုက်သည်/ Photo – Mg Min Maw (Mandalay In-depth News)
#Mandalay_Indepth_News #MandalayIndepthNews #Mandalay_News
#မန္တလေး #မန္တလေးမင်္ဂလာဈေးသစ် #မင်္ဂလာဈေး
.