ထက်ဘုန်းခေါင်၊ ဇန်နဝါရီ-၂၄
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပျံ့နှံ့ဖြစ်ပွားနေသည့် 2019 Novel Coronavirus (2019-nCov) ကိုရိုနာ ဗိုင်းရပ်စ်ပိုး အဆုတ်ရောင်ရောဂါကြောင့် မန္တလေး- ဝူဟန် လေကြောင်း ခရီးစဉ်ကို ဇန်နဝါရီ(၂၄)ရက်မှ စတင်ကာ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကျန်မားရေးနှင့် ကုသးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
ဝူဟန်- မန္တလေး လေကြောင်းလိုင်းသည် အပါတ်စဉ် တနင်္လာနှင့် သောကြာနေ့များ၌ ပုံမှန်ပြေးဆွဲနေသည်။
“ ပိတ်လိုက်ပြီ။ ဒီကလည်း မနေ့က ၈နာရီတည်းက ပိတ်ထားတယ်။ ဝူဟန်ကနေလည်း ဘယ်ကိုမှ မထွက်ရဆိုပြီး ခရီးစဉ်တွေ ပိတ်ထားတာရှိတယ်။ အခု မန္တလေးကို ဝင်မလာတော့ဘူး”ဟု ဒေါက်တာဒေါ်သန်းသန်းမြင့်က ပြောသည်။
တရုတ်တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာသို့ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ဇန်နဝါရီ ပထမပတ်မှစတင်ကာ တရုတ်နိုင်ငံမှ လာသည့် ခရီးသွားများကို မန္တလေးလေဆိပ်၌ အထူးကြပ်မတ် စစ်ဆေးလျှက်ရှိကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သတင်းရရှိသည်။
မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်များ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးရန် ယခင်က Thermoscan စက်တစ်လုံးသာ တပ်ဆင်ထားရာမှ တရုတ်နိုင်ငံတွင်း လတ်တလောဖြစ်ပွားနေသည့် ရောဂါပိုးပျံ့နှံ့မှု အခြေအနေကြောင့် Thermoscan စက်နှစ်လုံးအထိ တိုးချဲ့တပ်ဆင်ကာ စစ်ဆေးလျှက်ရှိသည်ဟု ဒေါက်တာသန်းသန်းမြင့်က ပြောကြားထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ဝူဟန်မှလာသည့် ခရီးသွားများကို တစ်ဦးချင်း ကြပ်မတ်စစ်ဆေးခဲ့ရာ ခရီးသွားဧည့်သည်တစ်ဦး ကိုယ်အပူချိန် မြင့်တက်နေ၍ စောင့်ကြည့်ခဲ့သော်လည်း အဖျားကျသွားပြီး စိုးရိမ်စရာ မရှိကြောင်း ၎င်းက ဆိုသည်။
“ပြီးခဲ့တဲ့ရက်က တရုတ်ကလာတဲ့ တစ်ယောက်ကတော့ အပူချိန် နည်းနည်းမြင့်နေလို့ သူကို စောင့်ကြည့်သေးတယ်။ သူကလည်း နောက်တစ်ရက်ကျ ချက်ချင်း အဖျားကျသွားတယ်။ အဲဒါကြောင့် စိုးရိမ်စရာမရှိဘူး”ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
အဆိုပါ ရောဂါပိုး ကူးစက်ပျံ့နှံ့ပါလာက ကုသနိုင်ရန်အတွက်လည်း မန္တလေးဆေးရုံကြီးတွင် ပြင်ဆင်ထားပြီး ယခင်ကလည်း ကူးစက်ရောဂါများနှင့်ပတ်သက်၍ တစ်စုံတရာ ဖြစ်ပွားပါက ကုသရန် ကြိုတိုင်စီစဉ်သည်များ ရှိခဲ့ဖူးသည်ဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် မန္တလေး-ဝူဟန် လေကြောင်းခရီးစဉ် ပိတ်သိမ်းထားသော်လည်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံကြား တိုက်ရိုက်ပျံသန်း ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ် (၁၀)ကျော် ရှိပြီး သာမန်နေ့များ၌ နေ့စဉ် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် (၁၀၀၀)ကျော် မန္တလေးလေဆိပ်သို့ လာရောက်လျှက်ရှိသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ 2019 Novel Coronavirus (2019-nCov) ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ခဲ့ပြီး ဇန်နဝါရီ(၂၁)ရက်အထိ အဆိုပါ ရောဂါးပိုး ကူးစက်ခံရသူ (၂၇၀)ကျော် ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ထုတ်ပြန်ချက်များအရ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမှတဆင့် အဆုတ်ရောင်ရောဂါဖြစ်ပွားပြီး သေဆုံးသူ ဇန်နဝါရီ(၂၂)ရက်အထိ (၆)ဦးရှိကာ တရုတ်၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အဆိုပါ ရောဂါပိုး ကူးစက်ခံရသူများ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မန္တလေး လေဆိပ်/ Photo – Supply.
#Mandalay_Indepth_News