မန္တလေး-တရုတ် လေကြောင်းခရီးစဉ်များ ထပ်မံဖျက်သိမ်း၊ ခရီးစဉ် ဖျက်သည့် တရုတ်မြို့ (၁၇)မြို့အထိ ရှိလာ

ဘုန်းနေ၊ ထက်ဘုန်းခေါင်၊ ဇန်နဝါရီ-၂၇

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့(၁၇)မြို့အကြား ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

တံတားဦးလေဆိပ် စီမံခန့်ခွဲနေသည့် MJAS ကုမ္မဏီ၏ ထုတ်ပြန်ချက်များအရ လေကြောင်းလိုင်း(၁၀)လိုင်းက မန္တလေးနှင့် တရုတ်မြို့ (၂၄)မြို့အကြား လေကြောင်းခရီးစဉ်များ တိုက်ရိုက်ချိတ်ဆက် ပျံသန်းနေပြီး လက်ရှိတွင် မန္တလေးနှင့် တရုတ်မြို့ (၁၇)မြို့အကြား ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

လေကြောင်းခရီးစဉ် ဖျက်သိမ်းလိုက်သည့် မြို့များတွင် ဝူဟန်မြို့၊ ရှားမန်မြို့များအပြင် ကွမ်ကျိုး၊ ကွေ့ယန်း၊ ယန်တိုင်း၊ ချန်ဆား၊ လင့်ရီ၊ လန်ကျိုးစသည့် မြို့များ ပါဝင်လာသည်။

မန္တလေးလေဆိပ်နှင့် တရုတ်နိုင်ငံ မြို့များအကြား လေကြောင်းခရီးစဉ် ပျံသန်းနေသည့် လေကြောင်းလိုင်းများအနက် China Easten Airlines၊ Hainan Airlines၊  Nine Air၊ Qindao Airlines၊  Xiamen Airlines၊  Myanmar Airways International(MAI) စသည့် လေကြောင်းလိုင်းများက အထက်ပါ မြို့(၁၇)မြို့သို့ ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်း ဖြစ်သည်။

“လေကြောင်းလိုင်းတွေက သူတို့ပြေးဆွဲနေတဲ့ မြို့တွေ အကုန်ရပ်တာတော့ မဟုတ်သေးဘူး။ တခြားမြို့တွေတော့ ပြေးဆွဲသေးတယ်။ အခု ထုတ်ပြန်ထားတဲ့ မြို့တွေရှိတယ်။ အဲဒီမြို့တွေကို ပြေးဆွဲတာပဲရပ်တာ” ဟု MJAS ကုမ္ပဏီ၏ Airport Facilities Committee-AFC အတွင်းရေးမှူး ဦးတင်မောင်ကျော်က ပြောသည်။

ဝူဟန်ရောဂါ အခြေအနေကြောင့် လေကြောင်းခရီးစဉ်များ ယာယီဖျက်သိမ်းခြင်းဖြစ်ပြီး ပြန်လည်ပြေးဆွဲမည့် အချိန်ကို လေကြောင်းလိုင်းများက ထပ်မံထုတ်ပြန်လိမ့်မည်ဟု ၎င်းက ဆိုသည်။

“အဲဒီမြို့တွေကို သွားမယ့် လေကြောင်းခရီးစဉ်တွေ ပြန်စမယ်ဆိုမှ သူတို့က ပြန်အကြောင်းပြန်မှာ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့၌ ဒီဇင်ဘာလနှောင်းပိုင်းက စတင်ကာ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus(2019-nCov) ပြင်းထန် အဆုတ်ရောင် ရောဂါသည် ကမ္ဘာ့နိုင်ငံအချို့သို့ ကူးစက်ပျံ့နှံ့နေပြီး ဇန်နဝါရီ(၂၇)ရက်အထိ အဆိုပါ ရောဂါ ကူးစက်ခံရသူ (၃၀၀၀)ဝန်းကျင်နှင့် သေဆုံးသူ (၆၀)ခန့် ရှိလာပြီ ဖြစ်သည်။

ဇန်နဝါရီ(၂၄)ရက်က မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံ ဝူဟန်မြို့အကြား ပျံသန်းသည့် လေကြောင်းခရီးစဉ် ဖျက်သိမ်းပြီးနောက် ယခု ထပ်မံ၍ ကွမ်ကျိုး(Guangzhou)၊ ကွေ့ယန်း(Guiyang)၊ လင့်ရီ(Linyi-Shandong)၊ ယန်တိုင်း(Yantai) ချန်ဆား(ChangSha)၊ လန်ကျိုး(Lanzhou)၊ ရှားမန်(Xiamen)စသည့် မြို့များနှင့် မန္တလေးလေဆိပ်ကြား ချိတ်ဆက်ပျံသန်းသည့် လေကြောင်းခရီးစဉ်များ ထပ်မံ ဖျက်သိမ်းခြင်း ဖြစ်သည်။

လက်ရှိ မန္တလေး လေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့(၇)မြို့ကြား လေကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြေးဆွဲပျံသန်းနေဆဲ ဖြစ်သည်။

Photo – Supply

မန္တလေး လေဆိပ်သို့ ပြည်ပခရီးသွား ဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီ(၁၇)ရက်မှ (၂၅)ရက်အထိ ခရီးသည် (၁၇၃၀၀)ကျော် ဝင်ရောက်ခဲ့သည်။

Photo – Myanmar CDC

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်