ညောင်ဦးဒေသ တက်မရေနံမှော်အတွင်း ရေနံတူးဖော်လုပ်ကိုင်ခြင်းများ ပြန်လည်ခွင့်ပြုတော့မည်ဟု ဝန်ကြီးပြော

ပုဒ်မ၁၄၄ ထုတ်ပြန်ကာ ရေနံတွင်းအချို့ ကွန်ကရစ်လောင်း ပိတ်ဆို့ထားမှု ဧပြီ(၃)ရက်တွင် ငါးလပြည့်မည်

ထက်ဘုန်းခေါင်၊ မတ်-၁၅

ရေနံတူးဖော် လုပ်ကိုင်ခြင်း မပြုရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ တားမြစ်ပိတ်ပင်ထားသည့် ညောင်ဦးမြို့နယ်အတွင်းရှိ တက်မရေနံမှော်ကို ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်းအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးသုံးဦး မတ်လ(၁၄)ရက်က တက်မရေနံမှော်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပြီးနောက် ရေနံတူးဖော် လုပ်ကိုင်မှုများ ပြန်လည်ခွင့်ပြုပေးရန် ပြင်ဆင်နေသည်ဟု ၎င်းက ဆိုသည်။

“မနေ့က ဝန်ကြီးသုံးဦး ဆင်းကြည့်တယ်။ လုပ်ကိုင်ခွင့်တွေ ချပေးဖို့ ပြင်ဆင်နေတယ်။ အဲဒါကို On Ground ဆင်းတာပေါ့။ အဓိကတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ရက် ပြည့်တာနဲ့ အမြန်ဆုံးလုပ်ကိုင်ခွင့် ရပြီး ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရအောင်လို့ပါ” ဟု ဦးမျိုးသစ်က ပြောသည်။

တက်မရေနံမြေသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာအုပ်စုနှင့် တက်မကျေးရွာအုပ်အတွင်း တည်ရှိသည်။

တက်မရေနံမြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရေနံတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားစဉ်/ Photo – တက်မရွာ.

တက်မ ရေနံမြေအတွင်း တရားမဝင် ရေနံတူးဖော်ခြင်းများ မပြုလုပ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ၂၀၁၉ နိုဝင်ဘာမှစတင်ကာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန် တားမြစ်ခဲ့ပြီး ရေနံတွင်းအချို့ကိုလည်း ကွန်ကရစ်လောင်း ပိတ်ဆို့ထားခဲ့သည်။

ကုမ္မဏီများ၊ ဒေသခံများနှင့် အခြားဒေသမှ လာရောက်သူများသည် တက်မ ရေနံမြေအတွင်း တရားမဝင် ရေနံတူးဖော်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်လျှက်ရှိရာ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်ခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းနှင့် အခွန်အခ ဆုံးရှုံးခြင်း စသည်များကြောင့် တရားမဝင် ရေနံတူးဖော်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ထပ်မံ၍ ရေနံ ခိုးတူးခြင်းများ မရှိစေရန်ဟုဆိုကာ တွင်းဝများကို ကွန်ကရစ်များ လောင်း၍ ပိတ်ဆို့ထားခဲ့သည်။

တက်မရေနံမြေအတွင်း ရေနံတူးဖော် လုပ်ကိုင်ခွင့် မကြာမီ ပြန်လည်ခွင့်ပြုပေးမည် ဖြစ်သော်လည်ူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် သက်တမ်းမကုန်မီ ကာလအတွင်း ဒေသခံများအနေဖြင့် ဥပဒေကို လိုက်နာရန်နှင့် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုကြောင်း ဝန်ကြီးဦးမျိုးသစ်က ပြောသည်။

တက်မရေနံမြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရေနံတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားစဉ်/ Photo – တက်မရွာ.

တက်မရေနံမြေအတွင်း ရေနံပြန်လည် တူးဖော်လုပ်ကိုင်ခွင့် ပြုရန်အတွက် ကုမ္ပဏီ နှစ်ခုအား ဧက(၆၀၀)ကျော် ချထားခွင့်ပြုပေးပြီး လုပ်ကိုင်ခွင့် လျှောက်ထားသည့် ဒေသခံ(၈၅)ဦးအတွက် ဧက(၁၀၀၀)ဝန်းကျင် အကွက်ရိုက်၍ မဲနှိုက်ကာ နေရာချထားပေးမည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။

“ကုမ္ပဏီ နှစ်ခုကတော့ ချထားပေးပြီးပြီ။ ကျန်တဲ့ ဧကကို အကွက်ရိုက် မဲနှိုက်ပြီး နေရာချထားပေးမှာ။ အဲလိုချထားပေးပြီး နေရာရပြီဆိုရင် တစ်ပတ်အတွင်း ငွေသွင်းရမယ်။ မသွင်းရင် လုပ်ကိုက်ခွင့် ပြန်ရုတ်သိမ်းမှာလို့ သိရတယ်”ဟု တက်မရေနံမြေဖြစ်သည့် တောင်ဘီလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက Mandalay In-depth News အား ပြောသည်။

တက်မရေနံမှော်အတွင်း ရေနံတူးဖော် လုပ်ကိုင်ခွင့်အတွက် တစ်ဧကလျှင် တစ်နှစ်စာ ကျပ်သုံးသိန်း ပေးသွင်းရမည်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် တက်မရေနံမြေအတွင်း ရေနံလက်ယက်တွင်း ၁၅၀ကျော်မှ ၃၀၀ခန့်အထိ  တူးဖော်ထားပြီးဖြစ်ကြောင်း ဒေသခံများက ပြောပြီး အဆိုပါ ရေနံတွင်းများအနက် အချို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာမှစတင်ကာ ကွန်ကရစ်လောင်း ပိတ်ဆို့ထားသည်ဟု ဒေသခံများက ဆိုသည်။

တက်မရေနံမြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရေနံတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားစဉ်/ Photo – တက်မရွာ.

တက်မရေနံမြေအတွင်း တရားမဝင် ရေနံတူးဖော်မှုများနှင့် မြေနေရာ ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြေရှင်းရန်အတွက် ပုဒ်မ (၁၄၄) ထုတ်ပြန်ခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောကြားထားသည်။

ပုဂံဒေသရှီ စေတီပုထိုး အများအပြား ပျက်စီးစေခဲ့သည့် ၂၀၁၆ ငလျှင်နောက်ပိုင်း ညောင်ဦးမြို့နယ် တက်မရေနံမြေတွင် ရေနံများ ပြန်လည် တူးဖော်ထွက်ရှိလာပြီး ပုဒ်မ ၁၄၄ မထုတ်ပြန်မီအချိန်ထိ ရေနံတူးဖော်လုပ်ကိုင်သူ အများအပြား ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

တက်မရေနံမြေ၌ ရေနံတူးဖော်ထုတ်လုပ်ခြင်းကို မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းက ၁၉၈၀ ကာလများတွင် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ပုဂ္ဂလိက ကုမ္မဏီတစ်ခုက မြေဧက ထောင်နှင့်ချီကာ လုပ်ကိုင်ခွင့် လျှောက်ထား၍ ရေနံတူးဖော် လုပ်ကိုင်ခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

တက်မရေနံမြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရေနံတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားစဉ်/ Photo – တက်မရွာ.

တက်မရေနံမြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရေနံတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားစဉ်/ Photo – တက်မရွာ.

#Mandalay_Indepth_News

#Mandalay_News #တက်မရေနံမှော် #ရေနံတွင်း #ရေနံလက်ယက်တွင်း

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်