မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းအား အငြိမ်းစားပေး၊

တက္ကသိုလ်တွင်း Food Court ဆောက်လုပ်ငှားရမ်းရာတွင် ညွှန်ကြားချက်မလိုက်နာခြင်းကြောင့်ဟုဆို

ဒီဒါင်းမေ၊ ဇန်နဝါရီ-၂၉

မန္တလေးတက္ကသိုလ်အတွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့မှုနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းအား ဇန်နဝါရီ(၂၈)ရက်မှစတင်ကာ အငြိမ်းစားပေးလိုက်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက Mandalay In-depth News အား အတည်ပြုပြောကြားသည်။

“ပင်စင်ပေးလိုက်တာ။ …။ ကျွန်တော်ကိုယ်တိုင်ယူပြီး သူ့လက်ထဲကို ပေးလိုက်တာပါ။ အဲ့စာမှာပါတယ်။ food court ကိစ္စနဲ့။ အဲ့စာမှာ အကြောင်းအရာပါပြီးသားလေ။ Order (အမိန့်စာ) မှာ”ဟု  ဒေါက်တာသိန်းဝင်းက ပြောသည်။

မန္တလေးတက္ကသိုလ်တွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းအား ဇန်နဝါရီ(၂၈)ရက် နံနက်မှစတင်၍ အငြိမ်းစားပေးလိုက်ပြီ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဒေါက်တာကျော်နိုင် လက်မှတ်ရေးထိုးထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတစ်စောင် လူမှုကွန်ယက်တွင် ပျံ့နှံ့နေခဲ့သည်။

အဆိုပါ အမိန့်စာမှာ အစစ်အမှန်ဖြစ်ကြောင်း ဒေါက်တာသန်းဝင်းက အတည်ပြုပြီး ယင်းနှင့်ပတ်သက်၍ စစ်ဆေးလုပ်ဆောင်နေသည်မှာ ကြာပြီဟု ၎င်းက ဆိုသည်။

မန္တလေးတက္ကသိုလ်အတွင်းရှိ မြေဧရိယာ ပေ(၅၅×၁၄၀)တွင် Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့ရာတွင် ပွင့်လင်းမြင်သာမူ မရှိဟုဆိုကာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား၊ကျောင်းသူများက ပြီးခဲ့သည့် ၂၀၁၉ စက်တင်ဘာကတည်းက စတင်သပိတ်မှောက် ဆန္ဒပြခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်သည့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ညှိနှိုင်းဆွေးနွေးခဲ့ရာ အဆိုပါ သပိတ်ခဲ့ကို ရပ်နားခဲ့သည်။ သို့သော် ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးမှု ရလဒ် ထုတ်ပြန်ခြင်းမရှိဟုဆိုကာ ကျောင်းသားသပိတ်ကို (၄)လကျော် ရပ်နားထားရာမှ ယခု ဇန်နဝါရီတွင် သပိတ်စခန်း ပြန်လည်ဖွင့်လှစ်ထားသည်။

လက်ရှိအချိန်ထိ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ကျောင်းသူများမှာ မန္တလေးတက္ကသိုလ်အတွင်း သပိတ်မှောက် ဆန္ဒပြနေဆဲဖြစ်သည်။

“ကျွန်တော်တို့ တောင်းဆိုတာက တရားဥပဒေစိုးမိုးရေးပေါ့။ တက္ကသိုလ်အတွင်းမှာ လုပ်ထုံးလုပ်နည်းတွေ သွေဖယ်ပြီးတော့ တည်ဆဲဥပဒေတွေ ချိုးဖောက်ပြီးတော့ တရားဝင်ခွင့်ပြုချက်မရဘဲ food court ဆောက်လုပ်ခွင့်ပေးခဲ့တယ်။ ဥပဒေချိုးဖောက်ခဲ့တဲ့သူတွေကို ဥပဒေအရ အရေးယူပေးဖို့ပဲ တောင်းဆိုနေတာဖြစ်တယ်။ ပါမောက္ခချုပ်ကိုပဲ ဦးတည်ပြီးပြောနေတာမျိုး မဟုတ်ဘူးပေါ့။ ဥပဒေချိုးဖောက်ခဲ့တဲ့သူတွေ အားလုံးကို ဥပဒေအရ အရေးယူပေးဖို့ ပြောနေတာဖြစ်ပါတယ်” ဟု မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် သပိတ်ဦးဆောင်ကော်မတီဝင် ကိုဝေယံထက်က Mandalay In-depth News အား ပြောသည်။

ယနေ့ ဇန်နဝါရီ(၂၉)ရက်တွင် မန္တလေးတက္ကသိုလ်အတွင်း သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသားများ/ Photo – Mg Min Maw.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်