ဝန်ကြီးနှစ်ဦးပါဝင်သော SRT အဖွဲ့ ဖွဲ့ကာ မန္တလေးတိုင်းအတွင်း ရောဂါကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဟု ဝန်ကြီးချုပ်ဆို
ဘုန်းနေ၊ ဒီဒါင်းမေ၊ ဇန်နဝါရီ-၂၈
ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ မန္တလေးသို့ ကူးစက်မှု မရှိစေရန်အတွက် နယ်စပ်ကုန်လမ်းအတိုင်း ဝင်ရောက်လာသူများကို ပြင်ဦးလွင်မြို့ ဝက်ဝံစစ်ဆေးရေးဂိတ်တွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
“မကြာခင် ပြင်ဦးလွင် ဝက်ဝံအနီးမှာ Gun နဲ့ ကိုယ်အပူချိန် တိုင်းပြီး ဒါတွေလည်း လုပ်မယ်။ နောက်တစ်ခုက ယာဉ်လိုင်းတွေက ကားမောင်းသူနဲ့ အကူတွေကို ပညာပေးမယ်။ ကိုယ့်ကားပေါ်မှာ အပြင်းဖျားတာတွေ့ရင် အကြောင်းကြားပါ။ ဒါတွေလည်း လုပ်နေတယ်” ဟု ဦးဇာနည်အောင်က ဆိုသည်။
အဆိုပါ အပူချိန်တိုင်းကိရိယာ (Tharmogun)ကို ပြင်ဦးလွင်မြို့ မိုဘိုင်း X-Ray စက်အနီးတွင် ဇန်နဝါရီ(၂၉)ရက်၌ စတင်တပ်ဆင်ဖွယ်ရှိကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ သန်းဝင်းက Mandalay In-depth News အား ပြောသည်။
“နဖူးကိုတည်ပြီး ထိလိုက်ရင် အပူချိန်ကိုမြင်ရတာ။ ဆရာတို့က စစ်ထုတ်တာ။ အဖျား ရှိ၊ မရှိကို တစ်ယောက်ချင်း တိုင်းတဲ့သဘာပဲ။ မြို့ကိုဝင်လာတဲ့အထဲမှာ အဖျားရှိတဲ့လူတွေ ရှိနေမှာစိုးလို့ စစ်တဲ့ mechanism (ယန္တရား) ပဲ။ Survillance System (စောင့်ကြည့်ရေးစနစ်) မှာ အရမ်းအရေးပါတယ်။ လူတိုင်းကို စစ်မှာ။ စစ်လိုက်လို့ အဖျားသတ်မှတ်တဲ့ ပမာဏရှိတယ်ဆိုရင် ခဏစောင့်ခိုင်းတယ်။ နောက်တစ်ခါ ထပ်ပြီးတိုင်းတယ်။ သေချာအောင်။ သေချာရင် တရုတ်ပြည်သွားဖူးလား။ ဝူဟန်သွားဖူးလား မေးတယ်။ အဲ့ကျရင် သံသယလူနာထဲ သွင်းမယ်။ နို့မို့ဆို မသွင်းဘူး”ဟု ဒေါက်တာသန်းဝင်းက ရှင်းပြသည်။

တရုတ်နိုင်ငံတွင် ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် ရောဂါ မန္တလေးသို့ ကူးစက်မှု မရှိစေရန်အတွက် တံတားဦးလေဆိပ်တွင် အထူးကြပ်မတ်စစ်ဆေးနေသလို ကုန်ကြောင်း၊ ရေကြောင်းများမှ ဝင်ရောက်လာသူများကိုပါ စစ်ဆေးမည်ဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ရန် အတွက်လည်း စနစ်တကျ ကြိုတင်ပြင်ဆင်ထားသည်ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
ထို့အပြင် မန္တလေးတိုင်းအတွင်း ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း ပေါင်းစုံပါဝင်သော (survey and Respond Team (SRT) အဖွဲ့ကို ဇန်နဝါရီ(၂၇)ရက်တွင် တိုင်းဝန်ကြီးနှစ်ဦး ဦးဆောင်ပါဝင် ဖွဲ့စည်းကာ ဝူဟန်ရောဂါနှင့် ပတ်သက်၍ ကာကွယ်တားဆီးရေးနှင့် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
“နိုင်ငံသူ နိုင်ငံသားတွေ စိုးရိမ်ထိတ်လန့်မှု အားမကြီးဖို့ရယ်။ စနစ်တကျ နေတတ်ထိုင်တတ်အောင်၊ ကာကွယ်တတ်အောင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ဝေထားတဲ့ လက်ကမ်းစာစောင် အများကြီးရှိတယ်။ မန္တလေးဒေသကြီး အစိုးရကလည်း ဒါကို စနစ်တကျနဲ့ တုန့်ပြန်ဆောင်ရွက်နိုင်အောင် ဝန်ကြီးနှစ်ဦးပါတဲ့ SRT ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်”ဟု ဦးဇာနည်အောင်က ဆိုသည်။

လက်ရှိတွင် ဝူဟန်ရောဂါ ကူးစက်မှု မရှိစေရန် နိုင်ငံအတွင်းရှိ လေဆိပ်များတွင် စစ်ဆေးနေသလို တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ်တွင်လည်း အဖွဲ့ (၃)ဖွဲ့ ခွဲကာ စစ်ဆေးရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်များ လုပ်ဆောင်နေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းများမှတဆင့် တရုတ်နိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်မှု ရှိသည့် မန္တလေးတွင်လည်း ရောဂါကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးများ စနစ်တကျ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ရောက် လာသည့် ခရီးသည်များအား နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သော ရောဂါလက္ခဏာများနှင့် ကာကွယ်ရမည့် နည်းလမ်းများကို LED ဘုတ်များ၊ ဗီနိုင်များချိတ် ဆွဲကာ ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ထားသလို Thermal Scanner နှစ်လုံးတပ်ဆင်၍ ခရီးသည်များကို အဖျားရောဂါ ရှိ၊ မရှိ စမ်းသပ်ဆောင် ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ဇန်နဝါရီ(၂၇)ရက်က ကျင်းပသည့် အစည်းအဝေးတွင် ပြောသည်။
လေဆိပ်သို့ ဝင်ရောက်လာသူများအနက် သံသယလူနာတွေ့ရှိပါက စမ်းသပ်စစ်ဆေးရန် လေဆိပ်တွင် ထွက်ပေါက်တစ်ခု စီစဉ်ထားပြီး အဆိုပါလူနာများအတွက် မန္တလေးဆေးရုံကြီး ကုတင် ၅၀၀ ဆံ့ဆေးရုံ၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံနှင့် ဗဟိုအမျိုးသမီးဆေးရုံကြီးများတွင် သီးသန့်လူနာခန်းများ စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ၎င်းလူနာများ ရောက်ရှိလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များကို ပုဂ္ဂလိကဆေးရုံများသို့လည်း ဖြန့်ဝေပေးထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းလမ်းညွှန်ချက်များကို တိုင်းအတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ခရိုင်နှင့်မြို့နယ် ဆေးရုံများသို့ ဇန်နဝါရီ ၂၄ ရက်တွင် ဖြန့်ဝေထားပြီးဖြစ်ကြောင်း ဒေါက်တာသန်းသန်းမြင့်က ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း ပိုင်ရှင်များအနေဖြင့် လာရောက်တည်းခိုသူများထံမှ အဆိုပါ ရောဂါနှင့် ပတ်သက်၍ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရန် လိုအပ်ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် အထွေထွေရောဂါကု ဆရာဝန်များအနေဖြင့် ၎င်းတို့ဆေးခန်းများသို့ အဆိုပါလူနာများ ရောက်ရှိလာ ပါက ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံကြီးများသို့ အသိပေးအကြောင်းကြားရမည် ဖြစ်သည်။
ဇန်နဝါရီ(၂၇)ရက်မှ စတင်ကာ မန္တလေးလေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသွားများအား လေဆိပ်တွင်ထားရှိသည့် Health decaleration form ဖြည့်သွင်းပြီးမှသာ ဝင်ရောက်ခွင့်ပြုကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ဖြစ်ပွားခဲ့သည့် 2019 Novel Coronavirus(2019-nCov) ကူးစက်မြန် ပြင်းထန် အဆုတ်ရောင် ရောဂါသည် တရုတ်နိုင်ငံတွင်းရှိ အခြားမြို့များအပြင် ကမ္ဘာ့နိုင်ငံအချို့သို့ပါ ကူးစက်ပျံ့နှံ့နေပြီး ဇန်နဝါရီ(၂၈)ရက်အထိ အဆိုပါ ရောဂါ ကူးစက်ခံရသူ (၄၀၀၀) ကျော်နှင့် သေဆုံးသူ (၁၀၀)ကျော် ရှိလာပြီ ဖြစ်သည်။

ဇန်နဝါရီ(၂၉)ရက်တွင် ပြင်ဦးလွင်မြို့ ဝက်ဝံဂိတ်၌ ကိုယ်အပူချိန်တိုင်းကိရိယာ (Thermogum) စတင်တပ်ဆင်ကာ စစ်ဆေးမည်ဖြစ်သည်/ photo-supply.
.