အမ်တီ၊ စက်တင်ဘာ-၁၂
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်ရှိ ဟိုတယ်တစ်လုံးတွင် တည်းခိုနေသူ အမျိုးသားနှစ်ဦးထံမှ လိုင်စင်မဲ့ကားနှင့် ခြောက်လုံးပြူးသေနတ်အတု တစ်လက်အပါအဝင် ယာဉ်နံပါတ်အပြားများနှင့် မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းအတုများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
တိုင်းမူခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများသည် စက်တင်ဘာ(၁၀)ရက်ညပိုင်းက ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်ရှိ ဟိုတယ်တစ်လုံးသို့ ဝင်ရောက်စစ်ဆေးခဲ့ရာမှ ဟိုတည်တွင် တည်းခိုနေသူ အမျိုးသားနှစ်ဦးထံမှ လိုင်စင်မဲ့ကားနှင့် မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းအတုများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဟိုတယ်ဝင်းအတွင်း ရပ်ထားသည့် YGN 9G/4444 နံပတ်ပါ SOARER အမျိုးအစား မော်တော်ယာဉ်နှင့်ပတ်သက်၍ စစ်ဆေးရာ ယာဉ်ပိုင်ရှင်ဆိုသူ အမျိုးသားနှစ်ဦးမှ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ တင်ပြပြောဆိုနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ် ဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ထို့နောက် ၎င်းအမျိုးသားနှစ်ဦး တည်းခိုနေထိုင်သည့် ဟိုတယ်အခန်းအတွင်းရှိ အညိုရောင်အိတ်အတွင်းမှ ဂက်စ်အိုးဖြင့် ပစ်ခတ်အသုံးပြုရသည့် ခြောက်လုံးပြူးသေနတ် တစ်လက်၊ ဘောစိထည့်ကျည်ဆံခွံ(၆)တောင့်၊ YGN နှင့် MDY နံပါတ်များပါ ယာဉ်နံပါတ်ပြား အနီတစ်စုံနှင့် အနက် (၇)စုံ၊ ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ်(၆)ခု၊ ယာဉ်မှတ်ပုံတင်သက်သေခံ မှန်ကပ်(၉)ခု၊ မန္တလေးမြို့တော် စည်ပင် ဘီးခွန် (၃)ခု၊ ရန်ကုန် စည်ပင် ဘီးခွန်(၈)ခု၊ လမ်းတံတားကင်းလွတ်ခွင့်ကဒ်ပြား (၂)ခု၊ အတုဟုယူဆရသော ယာဉ်မောင်းလိုင်စင်(၃)ခု၊ နံပါတ်ပြား တပ်ဆင်ရာတွင် အသုံးပြုသည့် ခဲသီးအသေး(၁၃)စုံ၊ ခဲသီးအကြီး(၄)စုံနှင့် ကျပ်(၁၁)သိန်းကျော် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ခြောက်လုံးပြူးသေနတ်နှင့် မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းများမှာ အတုများဖြစ်ကြောင်း ဝန်းခံထွက်ဆိုသဖြင့် ယင်းပစ္စည်းများကို လက်ဝယ်ထားရှိသူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အသက်(၄၀)နှင့် အသက်(၂၄)နှစ်အရွယ် အမျိုးသားနှစ်ဦးကို ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၄၂၀/၄၆၈ (လိမ်လည်မူ၊ စာရွက်စာတမ်း အတုပြုလုပ်မူ)တို့ဖြင့်အမှု့ဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ယာဉ်နံပါတ်ပြားများအပါအဝင် မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းများ အတုပြုလုပ်သူ အမျိုးသား(၈)ဦးကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သေးသည်။
ဖမ်းဆီးရမိခဲ့သည့် မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းများ။ ဓါတ်ပုံ – ရဲတပ်ဖွဲ့။