တရုတ်သို့ လူကုန်ကူးခံခဲ့ရသည့် မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို ပြန်လည်ကယ်တင်နိုင်

အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကူညီမှုဖြင့် လူကုန်တားအဖွဲ့က အချိန်မီကယ်တင်နိုင်ခြင်း ဖြစ်ဟုဆို

မောင်မင်းမော် ၊ ဇန်ဝါရီ-၇

တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် စစ်ကိုင်းမြို့ မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို ပြန်လည်ကယ်တင်နိုင်ပြီ ဖြစ်ကြောင်း ကူညီပေးခဲ့သူများက Mandalay In-depth News အား ပြောသည်။

မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်သည် ပြီးခဲ့သည့် နိုဝင်ဘာ(၁၉)ရက်ကတည်းက တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရခြင်း ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လူကုန်ကူးခံရပြီး ရက်(၅၀)ကျော်အကြာတွင် ပြန်လည်ကယ်တင်နိုင်ခြင်း ဖြစ်သည်။

“အခု ပြန်ပြီးတော့ မူဆယ်ကို ရောက်နေပြီ၊ ကယ်ဆယ်နိုင်ပြီဆိုတာကတော့ ခိုင်မာတဲ့ သတင်းရထားတယ်ပေါ့ဗျာ။ ဌာနဆိုင်ရာကတော့ မဟုတ်ဘူးပေါ့။ အဲ့ဒီမှာ(မူဆယ်) ကျွန်တော်တို့လို လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ ကူညီကယ်ဆယ်နေတဲ့ အဖွဲ့အစည်းတစ်ခုကပေါ့” ဟု မဝင်းမြတ်သူကို ပြန်လည်ကယ်တင်နိုင်ရန် ပူးပေါင်းကူညီခဲ့သည့် မင်းကွန်းဒေသခံ ကိုအောင်မြတ်မင်းက ပြောသည်။

အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို ၎င်း၏ ပထွေးဖြစ်သူ၏ အမတော်စပ်သူက  မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်မှတဆင့် တရုတ်နယ်စပ် မူဆယ်မြို့သို့ ခေါ်ဆောင်ကာ မထက်ဆိုသူထံ အပ်နှံရောင်းစားခဲ့ပြီး မထက်က တဆင့် တရုတ်နိုင်ငံရှိ အမည်မသိ အမျိုးသမီးနှစ်ဦးထံ ထပ်မံရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးငယ်၏ မိခင်နှင့် လူကုန်တားရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသည်။

အဆိုပါ လူကုန်ကူးခံရသည့် အမျိုးသမီးငယ်ကို ပြန်လည်ကယ်တင်နိုင်ရေး မိသားစုဝင်များက နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများသို့ ဒီဇင်ဘာ(၂၄)တွင်  အသနားခံစာ တင်ခဲ့သည်။

၎င်း အမျိုးသမီးငယ်သည် တရုတ်နိုင်ငံသို့ ရောင်းစားခံခဲ့ရပြီး‌ တစ်လခွဲခန့်အကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခဲ့ရာမှ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်း‌ရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုဖြင့် ပြန်လည် ကယ်တင်နိုင်ခဲ့ကာ ဇန်ဝါရီ(၆)ရက်က မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိနေပြီဟု ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများက ၎င်းတို့ထံ အသိပေး အကြောင်းကြားထားကြောင်း ကိုအောင်မြတ်မင်းက ပြောသည်။

အမျိုးသမီးငယ်ကို တရုတ်နိုင်ငံမှ ပြန်လည်ကယ်တင်နိုင်မှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ကယ်တင်ခဲ့ရသည်ကိုမူ မသိရှိရသေးဘဲ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခြင်း မခံရသေးမီ အချိန်မီ ကယ်တင်နိုင်ခဲ့သည်ဟုသာ သိရှိထားကြောင်း ၎င်းက ဆိုသည်။

မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို လူကုန်ကူးခဲ့ပြီး အခြားအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးရန် ခေါ်ဆောင်လာစဉ် မန္တလေး (၁၆)မိုင်ဂိတ်၌ ဖမ်းဆီးရမိခဲ့သည့် မထက် ဆိုသူကို တွေ့ရစဉ်/ Photo – ရဲတပ်ဖွဲ့

ထို့အပြင် ၎င်းတို့အနေဖြင့် ယခုရက်ပိုင်းအတွင်းက တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် အသက်(၁၉)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကိုလည်း မူဆယ်ဒေသ အရပ်ဘက်အဖွဲှအစည်းများနှင့် ချိတ်ဆက်၍ တရုတ်ပြည်မှ ပြန်လည်ကယ်တင်ထားနိုင်သည်ဟု ကို‌အောင်မြတ်မင်းက ပြောသည်။

မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်ပြည်သို့ ရောင်းစားခဲ့သူများထဲမှ မထက် ဆိုသူကို ဒီဇင်ဘာ(၁၂)ရက်တွင် မန္တလေး-လားရှိုးကားလမ်း (၁၆)မိုင်ဂိတ်၌ ဖမ်းဆီးရမိထားသည်။ မထက်သည် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့် ပူးပေါင်းကာ အခြား အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး လက်ရှိတွင် လူကုန်ကူးမှု ပုဒ်မဖြင့် အမူဖွင့်ခံထားရသည်။

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်