မူးယစ်မှုဖြင့် အမှုဖွင့်ထားသည့် ဇနီးမောင်နှံကို စစ်ဆေးရာ မန္တလေးနှင့် တောင်ကြီးအပါအဝင် မြို့(၄)မြို့တွင် နေအိမ်နှင့် ကားများ ဝယ်ယူထားကြောင်း ပေါ်ပေါက်၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်

Mandalay In-depth News၊ ဇန်နဝါရီ-၈

မန္တလေးမြို့တွင် မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်တရားစွဲဆိုထားသည့် ဇနီးမောင်နှံနှစ်ဦးအပါအဝင် လူလေးဦးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပ‌ဒေ၊ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေတို့ဖြင့် အမှုဖွင့်၍ ဇန်နဝါရီ(၇)ရက်က မန္တလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့မရဲစခန်းနှင့် ရှမ်းပြည်နယ် နောင်ချိုနယ်မြေ ရဲစခန်းတို့တွင် မူးယစ်ဆေးဝါးမှုဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့သည့် ကျော်ဝင်း(ခ)လျှိုရုန်းချမ်းနှင့် ဇနီးဖြစ်သူ ဖူးဝေခိုင်(ခ)အေးအေးမူတို့ကို စစ်ဆေးရာ မန္တလေး၊ တောင်ကြီး၊ ကလေးနှင့် လွိုင်ကော်မြို့များတွင် နေအိမ်တိုက်တာများနှင့် ကားများ ဝယ်ယူထားကြောင်း၊ ထို့အပြင် အဆိုပါအမှုတွင် တင်မောင်ဝင်းနှင့် ဇနီးဖြစ်သူ စန်းစန်းဝေတို့သည်လည်း ‌ပါဝင်ပတ်သက်နေကြောင်း စစ်‌ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ (၄)ဦးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပ‌ဒေ၊ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ တို့ဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးခရိုင်တရားရုံးသို့ မေးမြန်းရာတွင် အမှုဖွင့်တရားစွဲတင်လာသည်မှာ မှန်ကန်ကြောင်း ပြန်လည်ဖြေကြားသည်။

“ဒီနေ့ (ဇန်နဝါရီ၇ရက်) မန္တလေးခရိုင်တရားရုံးမှာ စတင် တရားစွဲဆို လာပါတယ်”ဟု  မန္တလေးခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဦးမောင်လွင်က ပြောသည်။

ပြည်ကြီးတံခွန် မြို့မရဲစခန်း၌ (ပ)၁၅/၂၀၂၀ ဖြင့် အမှုဖွင့်ထားသည့် အမှုကို မန္တလေးခရိုင် တရားရုံးမှ ရာဇဝတ်ကြီး အမှုအမှတ် ၉/၂၀၂၀ဖြင့် လက်ခံဆောင်ရွက်ခဲ့ပြီး ပြည်ကြီးတံခွန် မြို့မရဲစခန်း၌ (ပ)၁၆/၂၀၂၀ ဖြင့် အမှုဖွင့်ထားသည့် အမှုကို မန္တလေးခရိုင် တရားရုံးမှ ရာဇဝတ်ကြီး အမှုအမှတ် ၈/၂၀၂၀ ဖြင့် လက်ခံဆောင်ရွက် ထားသည်ဟု ၎င်းက ပြောသည်။

ကျော်ဝင်း (ခေါ်) လျိုရုန်းချန်း၊ ဖူးဝေခိုင် (ခေါ်) အေးအေးမူ၊ တင်မောင်ဝင်း၊ စန်းစန်းဝေတို့ကို ၂၀၁၄ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ ဖြင့် ပြည်ကြိးတံခွန်မြို့မရဲစခန်းက တရားစွဲဆိုခဲ့သလို ကျော်ဝင်း (ခေါ်) လျိုရုန်းချန်း၊ ဖူးဝေခိုင် (ခေါ်) အေးအေးမူ တို့ကို ၂၀၀၂ခုနှစ် တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ ပုဒ်မ ၂၂အရ တရားစွဲဆို တင်ပို့လာခြင်း ဖြစ်သည်ဟု မန္တလေးခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဦးမောင်လွင်က ပြောသည်။

“ ရုံးချိန်းကို ဇန်နဝါရီ(၉)ရက် ပြန်လည် ချိန်းဆိုထားပါတယ်”ဟု ဦးမောင်လွင်က ဆိုသည်။

အဆိုပါအမှု ဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံလင်းအား Mandalay In-depth Newsမှ ဇန်နဝါရီ(၇)ရက်က ဆက်သွယ်မေးမြန်းရာ တရားစွဲတင်ရန် ဆောင်ရွက်နေပြီး မအားလပ်သည့်အတွက် ဘာမှ မပြောလိုသေးဟုသာ ပြန်လည်ဖြေကြားသည်။

ဇန်နဝါရီ (၉)ရက်တွင် မန္တလေးခရိုင်တရားရုံး၌ ရုံးချိန်းခေါ်ယူစစ်ဆေးမည်ဖြစ်သည်/ Photo – Mg Min Maw

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်