မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသော ငွေကျပ်သိန်းနှစ်သောင်းကျော် လွှဲပြောင်းထုတ်ယူမူဖြင့် မန္တလေးမြို့မှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူသုံးဦးကို အမူဖွင့်

ဘုံကမ္ဘာထွန်း၊ စက်တင်ဘာ-၁၄

မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသော ငွေကျပ်သိန်းနှစ်သောင်းကျော် လွှဲပြောင်းထုတ်ယူမူဖြင့် မန္တလေးမြို့မှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ သုံးဦးနှင့် ဆက်စပ်သူများကို ချမ်းအေးသာစံမြို့မရဲစခန်း၌ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေဖြင့် စက်တင်ဘာ(၁၃)ရက်တွင် အမူဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်း၊ စမ်းချောင်း၊ မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) မြို့နယ်များနှင့် ရခိုင်ပြည်နယ် မင်းပြားနှင့် အမ်းမြို့နယ်စသည့် မြို့မရဲစခန်း(၆)ခုတွင် မူးယစ်ဆေးဝါးမူဖြင့် အမူဖွင့်ခံထားရသည့် အမျိုးသမီးတစ်ဦးသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသော ငွေကျပ်သိန်း(၂၁၇၀၀)ကို ရန်ကုန်မြို့ရှိ ငွေလွှဲလုပ်ငန်းတစ်ခုမှတဆင့် မန္တလေးမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ အဆိုပါ ငွေများကို ထုတ်ယူခဲ့သည့် မန္တလေးမြို့မှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် ဆက်စပ်သူများကို မန္တလေးမြို့ ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမူဖွင့်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“အမူဖွင့်ထားတာတော့ ဟုတ်ပါတယ်။ အမူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက နေပြည်တော်ကနေ ကိုင်တွယ် စစ်ဆေးနေတာဖြစ်လို့ စခန်းအနေနဲ့ကတော့ ဘာမှ မပြောနိုင်သေးပါဘူး”ဟု ချမ်းအေးသာစံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက Mandalay In-depth News သို့ ပြောသည်။

အထက်ပါ မြို့မရဲစခန်း(၆)ခုတွင် မူးယစ်ဆေးဝါးမူဖြင့် အမူဖွင့်ခံထားရသည့် အမျိုးသမီးသည် ငွေကျပ်သိန်း(၂၁၇၀၀)ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် အေဝမ်း ငွေလွှဲလုပ်ငန်းမှတဆင့် (၁၂)ကြိမ်ခွဲကာ အေဝမ်းငွေလွှဲလုပ်ငန်း(မန္တလေး)သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ အဆိုပါ အေဝမ်းငွေလွှဲလုပ်ငန်းမှာ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦး ပိုင်ဆိုင်ပြီး တရားဝင်မှတ်ပုံတင်ထားခြင်း မရှိဘဲ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ လွှဲပြောင်းငွေ ကျပ်သိန်း(၂၁၇၀၀)ကို မန္တလေးမြို့ အေဝမ်းငွေလွှဲလုပ်ငန်း တာဝန်ခံ အမျိုးသမီးက လက်ခံခဲ့ပြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၃၈လမ်းပေါ်တွင် ငွေလွှဲလုပ်ငန်းဖွင့်လှစ် လုပ်ကိုင်နေသည့် အမျိုးသမီးမှ ကျပ်သိန်း(၁၉၂၀၀)နှင့် ချမ်းအေးသာစံမြို့နယ် ၃၄လမ်းပေါ်တွင် ငွေလွှဲလုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသူ အမျိုးသားမှ ကျပ်သိန်း(၂၅၀၀) အသီးသီး ထုတ်ယူခဲ့သည်ဟု ဆိုသည်။

ထို့အတွက် တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ အေဝမ်းငွေလွှဲလုပ်ငန်းမှ တာဝန်ခံအမျိုးသမီး၊ ငွေထုတ်ယူသည့် ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားနှင့် အမျိုးသမီးတို့ အပါအဝင် ဆက်စပ်သူများကို အရေးယူပေးရန် ငွေကြေးဆိုင်ရာ မူခင်းတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒု-ရဲမှူးတစ်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့မရဲစခန်းတွင် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၇၁ ဖြင့် အမူဖွင့်ထားသည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါ အမူနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာ မူခင်းတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး တရားခံများ ဖမ်းဆီးနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၇၁ သည် ပြစ်မူထင်ရှားပါ အနည်းဆုံးထောင်ဒဏ် နှစ်နှစ်မှ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်း (၅၀၀၀)ထက် မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်