ထက်အောင်၊ စက်တင်ဘာ-၁၇
ကုန်စည်ဖလှယ်စနစ် (Barter Trade System)ဖြင့် မြန်မာ့ဆန် တန်ချိန်တစ်သိန်း တရုတ်သို့ တင်ပို့ရန် စာချုပ်ချုပ်ဆိုထားသည့် အထဲမှ ဆန်တန်ချိန်(၅၀၀)ကို ယခုလအတွင်း စတင် တင်ပို့တော့မည်ဖြစ်ကြောင်း မန္တလေး ဆန်စပါးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ ဦးစိုင်းကျော်ကပြောသည်။
”ဆန်အိပ်ခွံတွေ ရောက်လာပြီ၊ အိပ်တွေလှယ်ပြီးရင် ပိုးသတ်ပြီးတာနဲ့ ပို့လို့ရပြီ။ သူတို့ကတော့ ဆန်တန်ချိန် ငါးထောင်လောက် လိုချင်တာ။ ဒီဘက်က ငါးရာနဲ့ပဲ စပို့ကြည့်မယ်။ အဆင်ပြေတယ်ဆိုမှ ဆက်တိုက်ပို့မယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် တရုတ်-မြန်မာ ကုမ္မဏီနှစ်ခုအကြား ကနဦး သဘောတူညီချက်အရ ဆန်တန်ချိန်တစ်သိန်းကို ကုန်စည်ဖလှယ်စနစ်ဖြင့် တင်ပို့ရမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ဆန်လိုအပ်ချက်အရ လတ်တလော တင်ပို့မည်ဆန်များကို ငွေသားဖြင့် ပေးချေမည်ဖြစ်ကြောင်း ဆန်ဝယ်ယူမည့် တရုတ်ကုမ္မဏီဖက်မှ ကမ်းလှမ်းထားသည်ဟု ဦးစိုင်းကျော်က ဆိုသည်။
”ဒီဘက်က ဘာတာစနစ် (Barter System)မှာ ကြန့်ကြာနေတယ်။ သူတို့ကလည်း ဆန်က အရမ်းလိုနေတာ ဖြစ်မယ်။ အခုလောလောဆယ် ပို့မယ်ဆန်ကို ငွေသားနဲ့ ပေးမယ်ဆိုပြီး ပြောလာတယ်။ ဒီဘက်က ပြီးအောင် မစောင့်နိုင်ဘူး။ အခု တန်ငါးရာ တင်ပို့မှာကို သူတို့က ငါးထောင်အထိ လိုချင်နေတာ။ ပြောစကားအရတော့ တန်ချိန်တစ်သိန်းလုံးကို ငွေသားနဲ့ပဲ ချေမယ့် သဘောရှိတယ်”ဟု ဦးစိုင်းကျော်က ပြောသည်။

မြန်မာ့ဆန် တန်ချိန်တစ်သိန်းကို ကုန်စည်ဖလှယ်စနစ် (Barter Trade) ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် ပြီးခဲ့သည့် ဇူလိုင်(၂၅)ရက်က မြန်မာနိုင်ငံမှ မန္တလေး ဆန်စပါးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ရွှေချိုက်ကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
ကုန်စည်ဖလှယ်စနစ်အရ မြန်မာနိုင်ငံက ဆန်တင်ပို့ပြီး တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းများ၊ ဓာတ်မြေဩဇာများ အပါအဝင် သံ၊သံမဏိနှင့် အခြားပစ္စည်းများ ပြန်လည်တင်သွင်းရမည် ဖြစ်သည်။
ထိုသို့ ဆန်တင်ပို့ရာတွင် ဆန်တစ်အိတ်လျှင် ပျှမ်းမျှ (၁၀၅)ယွမ် ဈေးနှုန်းသတ်မှတ်ထားပြီး ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအနည်းငယ် ပြောင်းလဲမည်ဖြစ်ကြောင်း ဦးစိုင်းကျော်က ရှင်းပြသည်။
ဆန်များကို ကုန်စည်ဖလှယ်စနစ်ဖြင့် စမ်းသပ်တင်ပို့ပြီး အဆင်ပြေလျှင် အခြားကုမ္ပဏီများ တင်ပို့ရောင်းချလိုပါကလည်း ပါမစ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ဦးစိုင်းကျော်က ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်ပို့လာသည်ဆန်များကို တရားမဝင်ဟုဆိုကာ ဖမ်းဆီးခဲ့ရာ လက်ရှိအချိန်ထိ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့နိုင်ခြင်း မရှိတော့ဘဲ ရပ်တန့်လျှက်ရှိသည်။ ထို့အတွက် ပြည်တွင်းဈေးကွက်တွင် ဆန်၊စပါးဈေးနှုန်းများ ကျဆင်းခဲ့ပြီး လက်ရှိတွင် ဆန်တစ်အိတ်(၅၀ကီလို)လျှင် ကျပ်နှစ်သောင်းအောက်သာ ပေါက်ဈေးရှိသည်။
လက်ရှိတွင် ကုန်စည်ဖလှယ်စနစ်ဖြင့် တရုတ်နိုင်ငံသို့ ဆန်များ ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ရာ ဆန်တစ်အိတ်လျှင် ကျပ်(၇၀၀)ခန့် ဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း သတင်းရရှိသည်။
တရုတ်သို့ ဆန်တင်ပို့ရန် ပြင်ဆင်နေစဉ်။ ဓါတ်ပုံ – Htet Aung (Mandalay In-depth News)