ထက်ဘုန်းခေါင်၊ ဇန်နဝါရီ-၇
တရုတ်တွင် ဖြစ်ပွားနေသည့် ထူးဆန်းသော နမိုးနီးယားရောဂါ မြန်မာသို့ ကူးစက်ပျံ့နှံ့မှု မရှိစေရန် တရုတ်နိုင်ငံ ဝူဟန်မြို့မှ လာသည့် ခရီးသွားများကို မန္တလေးလေဆိပ်တွင် အထူးကြပ်မတ် စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သတင်းရရှိသည်။
မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်များ၏ အခြေအနေကို စစ်ဆေးရန် Thermoscan စက်တစ်လုံးသာ တပ်ဆင်ထားသော်လည်း တရုတ်နိုင်ငံတွင်း လတ်တလောဖြစ်ပွားနေသည့် အခြေအနေကြောင့် Thermoscan စက်နှစ်လုံးအထိ တိုးချဲ့တပ်ဆင်ကာ ခရီးသည်များ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးမည်ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က Mandalay In-depth News အား ပြောသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ထူးဆန်းသော နမိုးနီးယား ရောဂါတစ်မျိုးမှာ ပျံ့နှံ့ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရမှု ဖြစ်စဉ် (၄၀)ကျော် ရှိခဲ့သည်ဟု တရုတ်နိုင်ငံ အများပြည်သူ ကျန်းမာရေးစောင့်ကြည့်အဖွဲ့က ပြောကြောင်း AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
မန္တလေးလေဆိပ်နှင့် ဝူဟန်မြို့အကြား တိုက်ရိုက်လေကြောင်းလိုင်း တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းပြေးဆွဲမှု ရှိပြီး အပါတ်စဉ် တနင်္လာနှင့် သောကြာတွင် မန္တလေး-ဝူဟန် လေကြောင်း ပျံသန်းမှုရှိသည်။
ထို့အတွက် မန္တလေးလေဆိပ်သို့ ဝင်ရောက်လာသည့် နိုင်ငံတကာ ခရီးသွားများ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးရာတွင် ဝူဟန်မှ လိုက်ပါလာမည့် ခရီးသည်များကို အထူးကြပ်မတ်ကာ တစ်ဦးချင်း စစ်ဆေးမည်ဟု ဒေါက်တာသန်းသန်းမြင့်က ဆိုသည်။
“အဓိကတော့ ဝူဟန်ကလာတဲ့ လေကြောင်းလိုင်းက ခရီးသွားတွေကို တစ်ဦးချင်းစီ ဝင်စေပြီး thermoscan နဲ့ စစ်မှာ။ ကျန်တဲ့ ပြည်နယ်ကလာတဲ့ ခရီးသွားတွေကိုတော့ တစ်ဦးချင်းစစ်ဖို့ လေဆိပ်ဘက်က အခက်အခဲ ရှိနိုင်တယ်။ ဝူဟန်ကလာတဲ့ ခရီးသွားတွေကို အထူးဂရုပြုတဲ့ သဘော။ ကျန်တဲ့ ပြည်နယ်ကလည်း လာသမျှတော့ စစ်ဆေးမှာပါ။ အကုန်လုံး ဖြတ်သွားတာကို ကင်မရာကနေ ချိန်ပြီး စစ်ဆေးသွားမှာပါ” ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
ဇန်နဝါရီ(၆)ရက်က တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများ၊ တိုင်းကျန်မားရေးနှင့် ကုသရေးဦးစီဌာနမှ တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ ဝူဟန်မှ လာရောက်မည့် ခရီးသည်များ၏ ကျန်းမာရေးအခြေအနေကို စနစ်တကျ စစ်ဆေးရန် ဆွေးနွေးခဲ့ကြောင်း ဒေါက်တာသန်းသန်းမြင့်က ရှင်းပြသည်။

Thermoscan စက်သည် လေဆိပ်သို့ ဝင်ရောက်လာသည့် ခရီးသွားများ၏ ကိုယ်အပူအချိန်ကို တိုင်းတာစစ်ဆေးမည် ဖြစ်သည်။ ထိုနောက် ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက် (၃၈ဒသမ၃ဒီဂရီ စင်တီဂရိတ်)နှင့် အထက်ရှိသည့် ခရီးသွားများကို သီးသန့်ခွဲထုတ်ကာ ကျန်းမာရေး အခြေအနေ ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ရောဂါသံသယရှိပါက ကုသနိုင်ရန်အတွက် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
“အဲလို အပူချိန်ကျော်တာနဲ့ သူ့ကိုခေါ်ပြီး လေဆိပ်မှာရှိတဲ့ waiting room ထဲမှာ ထားမယ်။ အဲဒီမှာ အရင် စစ်ဆေးမယ်။ လေဆိပ်ဆေးခန်းမှာ လိုတာတွေလည်း ထပ်ဖြည့်မယ်။ သံသယရှိရင် တခါတည်း မန္တလေးဆေးရုံကြီးကို ပို့ဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ လူနာတင်ကားတွေ စီစဉ်ထားတယ်။ တာဝန်ကျ ဆရာဝန်၊ လက်ထောက်တွေရော လူနာတင်ကား ဒရိုင်ဘာတွေရော တစ်လစာ ဂျူတီရေးဆွဲထားတယ်” ဟု ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ပြောသည်။
ဆေးရုံကြီးတွင် ယခင်ကလည်း ကူးစက်ရောဂါများနှင့်ပတ်သက်၍ တစ်စုံတရာ ဖြစ်ပွားပါက ကုသရန် ကြိုတိုင်စီစဉ်သည်များ ရှိခဲ့ဖူးပြီး ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ(၈)ရက်တွင် မန္တလေးဆေးရုံကြီး၌ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် မန္တလေး-ဝူဟန် လေကြောင်းခရီးစဉ်အပါအဝင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံကြား တိုက်ရိုက်ပျံသန်း ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ် (၁၀)ကျော် ရှိပြီး နေ့စဉ် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် (၁၀၀၀)ကျော် မန္တလေးလေဆိပ်သို့ လာရောက်လျှက်ရှိသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ထူးဆန်းသော နမိုးနီး ယားရောဂါ ဖြစ်ပွားလျှက်ရှိကြောင်း ဒီဇင်ဘာ(၂၄)ရက်တွင် သိရှိအတည်ပြုနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆက်လက်ပျံ့နှံ့ ဖြစ်ပွားလျှက် ရှိသည်။ အဆိုပါရောဂါဖြစ်ပွားမှု (၄၀)ကျော် ရှိကြောင်းနှင့် လူ(၁၁)ဦးကို ပြင်းထန်သော အခြေအနေအဖြစ် စာရင်းသွင်းထားသည်ဟု တရုတ်နိုင်ငံ အများပြည်သူ ကျန်းမာရေးစောင့်ကြည့်အဖွဲ့က ပြောကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ယင်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ၂၀၀၂-၂၀၀၃ က ရုတ်နိုင်ငံတွင်း လူရာနှင့်ချီ သေဆုံးခဲ့သည့် ဆားစ်ဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာပြီဆိုသော ထင်မြင်မှန်းဆချက်များ ထွက်ပေါ်နေပြီး ခရစ္စမတ်ကာလတွင်း ဝူဟန်သို့ ခရီးသွားသော ဟောင်ကောင် အမျိုးသမီးတစ်ဦး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပိုးကူးစက်မှုကြောင့် ဆေးရုံတင်ရပြီးနောက် ဟောင်ကောင်၌ ယင်းရောဂါနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်ဟု AFP သတင်းက ဆိုသည်။
မန္တလေးလေဆိပ်/ Photo – Supply.