ကျောင်းတိုက်သို့ ယနေ့ လာရောက်သည့် နိုင်ငံခြားသားနှင့် ပြည်တွင်းဧည့်သည်အချို့ကို ပြန်လွှတ်
ပါရမီဆန်း၊ မတ်-၁၉
Covid-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူးလေ့လာရေး ဧည့်သည်များအနေဖြင့် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် အတွင်း သို့ လာရောက်ခြင်း မပြုကြရန် ကျောင်းတိုက် မဟာနာယက ဆရာတော်များနှင့် သံဃာတော်များက ယနေ့ မတ်လ(၁၉)ရက်တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်သည်။
အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ စည်းဝေးတိုင်ပင် ဆုံးဖြတ်ပြီးနောက် ယမန်နေ့ မတ်လ(၁၈)ရက် ညပိုင်းတွင် မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ကာ ယနေ့ နံနက်မှ စတင်၍ ကျောင်းတိုက်အတွင်း နေရာအနှံ့ မေတ္တာရပ်ခံချက်များ ကပ်ထားသည်ဟု အဆိုပါ ကျောင်းတိုက်တွင် သတင်းသုံးနေထိုင်သည့် သံဃာတော်များက မိန့်ကြားသည်။
“ဒီနေ့လာတဲ့ နိုင်ငံခြားသားတွေ၊ တချို့ မြန်မာတွေတောင် ပြန်လွှတ်တယ်။ ကျောင်းက ဒီလို မေတ္တာရပ်ခံ ထားပါတယ်ဆိုပြီးတော့”ဟု မဟာဂန္ဓာရုံကျောင်းတိုက်တွင် သတင်းသုံးနေထိုင်သည့် အရှင်ကဝိနန္ဒ က Mandalay In-depth News အား မိန့်ကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မည် စိုး၍ မဟာဂန္ဓာရုံကျောင်းတိုက်သို့ တရုတ်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်ခြင်း မပြုရန် ကျောင်းတိုက်နေ သံဃာတော်အချို့က မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့သေးသည်။
ယခုအခါ နိုင်ငံခြား ခရီးသွားဧည့်သည်များသာမက ပြည်တွင်း ဧည့်သည်များကိုပါ လာရောက်ခြင်း မပြုရန် မဟာနာယက ဆရာတော်များအပါအဝင် ကျောင်းတိုက်နေ သံဃာတော်များက ထပ်မံမေတ္တာရပ်ခံခြင်း ဖြစ်သည်။

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ မဟာဂန္ဓာရုံကျောင်းတိုက်သည် ရဟန်းသံဃာ အပါး(၁၃၀၀)ကျော် သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်ကြီး ဖြစ်သည်။ ပွင့်လင်းရာသီ ခရီးသွားများချိန်တွင် မဟာဂန္ဓာရုံကျောင်းတိုက်သို့ နေ့စဉ် လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၁၅၀၀)ကျော်ရှိပြီး ပြည်တွင်းမှ ဆွမ်းကပ်လောင်းလှူရန် လာရောက်သူ ရာဂဏန်းရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီမှစတင်ကာ Covid-19 ဂယက်ကြောင့် ကျောင်းတိုက်သို့ နိုင်ငံခြားသား ခရီးသွား လာရောက်မှု လျော့နည်းသွားပြီး နေ့စဉ် (၇၀)မှ (၁၀၀)ဝန်းကျင်သာ လာရောက်သော်လည်း ယခုအခါ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်ခြင်း မပြုရန် ကျောင်းတိုက်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

၂၀၁၉ ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် Covid-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံ (၁၅၀)ကျော်သို့ ကူးစက်ပျံ့နေပြီး ကမ္ဘာတဝန်း ရောဂါကူးစက်ခံရသူ (၁၇၀၀၀၀)ကျော်နှင့် သေဆုံးသူ (၇၀၀၀)ကျော်အထိ ရှိနေသည်။
မြန်မာနိုင်ငံတွင်မူ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူ တစ်ဦးမှ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုန်ပြန်ထားသည်။

သို့သော် Covid-19 ရောဂါသည် လူစုလူဝေးများပြားသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သောကြောင့် လူစုလူဝေးနှင့် ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပခြင်း မပြုရန် နိုင်ငံတော် သမ္မတရုံးက အသိပေးကြေညာထားသည်။

မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း သီတင်းသုံးသည့် သံဃာတော်များအား ယနေ့ မတ်လ(၁၉)ရက်က တွေ့ရစဉ်/ Photo – အရှင် ကဝိနန္ဒ
#Mandalay_Indepth_News
.