တိုက်ပွဲကြောင့် ပိတ်မိနေသည့် နိုင်ငံခြား ခရီးသွားများအတွက် အထူးလေကြောင်းခရီးစဉ် ပြေးဆွဲမည်၊

ဂုတ်တွင်းတံတားနေတွင် နှစ်လမ်းသွား ဘေလီတံတားသစ် ငါးရက်အတွင်းအပြီး တည်ဆောက်မည်

ထက်အောင်၊ သြဂုတ်-၁၆

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မူကြောင့် လားရှိုးနှင့် သီပေါမြို့သို့ သွားရောက်လည်ပတ်ပြီး ပြန်လာရန် အခက်အခဲဖြစ်နေသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် အထူးလေကြောင်းခရီးစဉ် ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Air KBZ လေကြောင်းလိုင်းမှ သြဂုတ်(၁၇)ရက်တွင် အထူးလေကြောင်း ခရီးစဉ် ပြေးဆွဲမည်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုံ)နှင့် လေကြောင်းလိုင်းတာဝန်ရှိသူများ ညှိနှိုင်းစီစဉ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုံ) အတွင်းရေးမှူး ဦးသန့်ဇော်က ပြောသည်။

“ခရီးသွားလုပ်ငန်းတွေအနေနဲ့ ကိုယ့်ခရီးသည်တွေရှိနေရင် ဝန်ကြီးဌာနကိုရော၊ Air KBZကိုရော၊ အသင်းကိုရော အကြောင်းကြားလို့ ရပါတယ်။ Air KBZ အနေနဲ့ ပါဝင်ကူညီပေးတဲ့ သဘောပါ။ အေးဂျင့်တွေအနေနဲ့ ခရီးစဉ်ကို လိုက်မယ်ဆိုရင် စာရင်းပေးသွင်းထားဖို့ လိုပါတယ်” ဟု  ဦးသန့်ဇော်က ပြောသည်။

အဆိုပါ လေကြောင်းလိုင်းခရီစဉ်နှင့် လိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများ၊ ခရီးသွားလုပ်ငန်း အေးဂျင့်များအနေဖြင့် ယနေ့တွင် စာရင်းပေးသွင်းနိုင်ပြီး  စခရီးသည်အရေအတွက်ပေါ် မူတည်၍ ခရီးစဉ်များ ပြေးဆွဲမည်ဟု ၎င်းက ဆိုသည်။

“ခရီးသည်အရေအတွက်ပေါ် မူတည်ပြီး လားရှိုး-မန္တလေး၊ လားရှိုး-ရန်ကုန် ဒါမှမဟုတ် လားရှိုး-မန္တလေး၊ မန္တလေး-ရန်ကုန်ဆိုပြီးလည်း ဖြစ်နိုင်ပါတယ်”ဟု ဦးသန့်ဇော်က ပြောသည်။

သြဂုတ်(၁၅)ရက်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းရှိ နေရာငါးခုအား လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦးအပါအဝင် သေဆုံးသူ(၁၄)ဦးခန့်ရှိခဲ့သည်။

ထို့အပြင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုနှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းတံတားမှာလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။ အဆိုပါ ဂုတ်တွင်းတံတား ပျက်စီးခဲ့မူကြောင့် သြဂုတ်(၁၅)ရက် နံနက်ပိုင်းမှစတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ မန္တလေး-မူဆယ်ကြား ကုန်စည်စီးဆင်းမူ ရပ်တန့်နေသည်။

ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျှက်ရှိရာ  ခရီးသွားပြည်သူများ အခက်အခဲ မရှိစေရေးအတွက်  ဂုတ်တွင်းတွင် နှစ်လမ်းသွား ဘေလီတံတားကြီးတစ်စင်း ငါးရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ တံတားသစ် တည်ဆောက်နိုင်ရန် လိုအပ်သော တံတားသံဘောင်ဘေလီများ စတင်ပေးပို့လျက် ရှိပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေး အထူးအဖွဲ့များက တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။

မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီး ကျောက်မဲမြို့နယ်အတွင်း ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင်မူ ပတ်ခတ်သံများ မကြားရဘဲ အခြေအနေ ပြန်လည်တည်ငြိမ်နေပြီဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။

နှစ်လမ်းသွား ဂုတ်တွင်းတံတားသစ်ကို ငါးရက်တွင်းအပြီး တည်ဆောက်မည်ဖြစ်သည်။ ဓါတ်ပုံ – Ministry Of Construction.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်