တက္ကသိုလ် ပင်မဆောင်တွင် နေ့၊ည သပိတ်စခန်း ဖွင့်ထားပြီး ဆန္ဒပြကျောင်းသား အရေအတွက် ပိုမိုများလာ
ကိုနေကို၊ စက်တင်ဘာ-၅
မန္တလေးတက္ကသိုလ်အတွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းမူနှင့်ပတ်သက်၍ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးယူပေးရန် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ ဦးဆောင်သည့် သပိတ်မှောက် ဆန္ဒပြတောင်းဆိုမူ လေးရက်ကြာချိန်အထိ ညိနှိုင်းပြေလည်မူ မရသေးဘဲ ဆက်လက်တောင်းဆိုလျှက် ရှိကြောင်း သတင်းရရှိသည်။
ဆန္ဒပြကျောင်းသားများက မန္တလေးတက္ကသိုလ် ပင်မဆောင် (တိုင်ခြောက်လုံး)တွင် နေ့၊ညသပိတ်စခန်း ဖွင့်ထားပြီး စက်တင်ဘာ(၄)ရက်မှ စတင်ကာ သပိတ်မှောက်ဆန္ဒပြရာသို့ ပူးပေါင်းပါဝင်လာသည့် ကျောင်းသားအရေအတွက် ပိုမိုများပြားလာကြောင်း ဦးဆောင်သူများက ပြောသည်။

မန္တလေးတက္ကသိုလ်အတွင်းရှိ မြေဧရိယာ ပေ(၅၅×၁၄၀)တွင် Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး ညွန်ကြားချက် ၁/၂၀၁၇ အား ချိုးဖောက်ကာ တင်ဒါ ခေါ်ယူခြင်း မရှိဘဲ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦးအား အဆင့်မြင့်ပညာ ဦးစီးဌာန၏ ခွင့်ပြုချက် မပါရှိဘဲ ဆောက်လုပ်ခဲ့ကြောင်းနှင့် ယင်းအဆောက်အဦးအား ဆောက်လုပ်ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမူ မရှိကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက စွပ်စွဲထားသည်။

“မြေဌားရမ်းခ လုံးဝယူထားတာ မရှိဘူး။ ကျောင်းအနေနဲ့ အကျိုးအမြတ် အရမ်းနည်းတယ်။ နိုင်ငံတော်သမ္မတ က ညွှန်ကြားထားသလို ပွင့်လင်းမြင်သာမှု နဲ့ အိတ်ဖွင့်တင်ဒါခေါ်ရင် ကျောင်းအတွက် အကျိုးအမြတ်ပိုရမယ်။ ကျောင်းသား ကျောင်းသူတွေအတွက် ပိုပြီး ဈေးချိုတဲ့ စားသောက်မှု ရရှိမယ်လို့ ထင်ပါတယ်” ဟု သပိတ်မှောက်ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် မန္တလေးတက္ကသုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ မယမင်းသူက ပြောသည်။

ထို့အတွက် စက်တင်ဘာ(၂)ရက်တွင် ကျောင်းသား၊ကျောင်းသူ (၇)ဦးက စတင်သပိတ်မှောက် ဆန္ဒပြခဲ့ပြီး Food Court အဆောက်အဦး ဆောက်လုပ်ငှားရမ်းမူနှင့် ပါတ်သက်၍ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန်၊ ပညာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စိစစ်အရေးယူပေးရန်၊ ကျောင်းတွင်းစီမံကိန်းများ ပွင့်လင်းစွာ ချပြပေးရန်နှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အလိုမရှိကြောင်း စသည့် အချက်(၅)ချက်ကို တောင်းဆိုထားကြောင်း ဆန္ဒပြကျောင်းသားများက ပြောသည်။
ထိုသို့ တောင်းဆိုနေသည့် ကျောင်းသားများထံ စက်တင်ဘာ(၄)ရက်ညပိုင်းက ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ လာရောက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မူ မရခဲ့ပေ။

ယနေ့ (စက်တင်ဘာ၅) စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြတောင်းဆိုရာတွင် ပူးပေါင်းပါဝင်သည့် ကျောင်းသားကျောင်းသူအရေအတွက် ရာဂဏန်းအထိ တိုးလာသည်။
တချိန်တည်းမှာပင် သပိတ်မှောက်ဆန္ဒပြရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများကို အမည်စာရင်းကောက်ယူခြင်းနှင့် ဌာနမှူးအချို့က ခေါ်ယူတွေ့ဆုံ၍ ဖိအားပေးတားမြစ်မူများ ရှိလာကြောင်း မြန်မာစာ (နောက်ဆုံးနှစ်) ကျောင်းသူတစ်ဦးက စက်တင်ဘာ(၅)ရက် နေ့လည်ပိုင်းက မန္တလေးတက္ကသိုလ် ပင်မဆောင်ရှိ သပိတ်စခန်းတွင် ပြလုပ်သော ဟောပြောပွဲတွင် ပြောသည်။

“ဌာနမှုးက နင် Master (မဟာ) တက်ရဦးမှာ။ အမှတ်မကောင်းဘူးနော်။ အဲဒါတွေ လုပ်မနေနဲ့။ ဘယ်လောက်ထိ ပြောလဲဆိုရင် အကယ်၍ ပါချုပ် ပြုတ်သွားခဲ့သည်ရှိသော် သူ့ထက်ကောင်းတာရော ရောက်လာနိုင်တယ်လို့ အာမခံနိုင်လားလို့ ပြောပါတယ်” ဟု အထက်ပါကျောင်းသူက ဟောပြောပွဲတွင် ပြောသည်။
မန္တလေးတက္ကသိုလ် ဆရာ၊ဆရာမများ သမဂ္ဂမှ အထက်ပါ သပိတ်မှောက် တောင်းဆိုမူနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ်၏ ဂုဏ်သိက္ခာကို ရှေရှု့သောအားဖြင့် ဆိုင်ရာတာဝန်ရှိသူများ နှစ်ဖက် တွေ့ဆုံညှိနှိုင်းမူဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။
မန္တလေးတက္ကသိုလ်အတွင်း ကျောင်းသားများ သပိတ်မှောက်ဆန္ဒပြနေစဉ်။ ဓါတ်ပုံ – နေကို၊အမ်တီ။