မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမူ ရပ်တန့်
ကိုနေကို၊ သြဂုတ်-၁၅Love Coffee commented on your postကိုနေကို၊ သြဂုတ်-၁၅
မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် သီပေါနှင့် လားရှိုးမြို့သို့ သွားရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ ပြန်လာရန် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေးဇုံ) တာဝန်ရှိသူများက ပြောသည်။
မန္တလေးမြို့မှတဆင့် သီပေါနှင့် လားရှိုးမြို့များသို့ သွားရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားအရေအတွက် များပြားသည်။ ခရီးသွားကုမ္ပဏီ အစီအစဉ်ဖြင့် သွားရောက်သူများ ရှိသလို၊ ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်သူများလည်း ရှိသည့်အတွက် အရေအတွက် အတိအကျ မသိရသေးသော်လည်း မန္တလေးသို့ ပြန်လာရန် အခက်အခဲဖြစ်နေသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုံ) အတွင်းရေးမှုး ဦးသန့်ဇော် က ပြောသည်။
လက်ရှိတွင် ၎င်းတို့၏ လုံခြုံရေးနှင့် သတ်မှတ်ထားသော ပုံမှန်ခရီးစဉ်များအတိုင်း မန္တလေးသို့ ပြန်လာနိုင်ရန် မြန်မာ့ခရီးသွားလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

“ခရီးသွားတွေ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ တစ်စုံတစ်ရာ မရှိပါဘူး။ မော်တော်ယာဉ်လမ်းကြောက လုံခြုံရေး အခြေအနေ မပေးဘူးဆိုလျင် လေယာဉ်နဲ့ ပြန်လာနိုင်အောင် စီစဉ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်နေကြပါတယ်။ လေယာဉ်ခရီးစဉ်ကလည်း ပုံမှန် မရှိတော့။ ဘယ်လိုပုံစံနဲ့ ဘယ်လိုအဖြေထွက်မယ် ဆိုတာတော့ ပြောလို့မရသေးဘူး။ ကြိုးစားနေပါတယ်” ဟု ဦးသန့်ဇော်က ပြောသည်။
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းတံတား မိုင်းထောင်ဖျက်ဆီးခံခဲ့ရသည့်အတွက် ယနေ့နံနက်ပိုင်းမှစတင်ကာ ကားကြီးကားလေးများ သွားလာ၍ မရတော့ကြောင်း ယင်းလမ်းပိုင်းအား တာဝန်ယူလုပ်ကိုင်နေသည့် Oriental Highway ကုမ္ပဏီ (ကျောက်မဲလမ်းပိုင်း) တာဝန်ရှိသူတစ်ဦးက Mandalay Indepth News သို့ ပြောသည်။

“လမ်းကြော အနေအထားက အကုန်လုံ ပိတ်နေပါပြီ။ စစ်ပွဲအသံက လောလောဆယ်တော့ ငြိမ်သွားပါပြီ” ဟု ၄င်က ဆိုသည်။
အဆိုပါ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရမူကြောင့် ကျောက်မဲနှင့် နောင်ချိုမြို့အကြား မော်တော်ယာဉ်များ ဖြတ်သန်းသွားနိုင်ခြင်း မရှိသေးဘဲ မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမူ ရပ်တန့်နေသည်ဟု မန္တလေးမြို့ခံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။

ယနေ့(သြဂုတ်၁၅)နံနက် ငါးနာရီကျော်အချိန်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် (၂)နေရာနှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် (၃)နေရာ စုစုပေါင်း(၅)နေရာကို တအာင်း(ပလောင်)အဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ ပူးပေါင်းထားသည့် ညီနောင်မဟာမိတ်သုံးဖွ့ဲမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တအာင်း(ပလောင်)အဖွဲ့ (TNLA)မှ သတင်းထုတ်ပြန်သည်။
ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)၊ နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုတို့အား အကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်မူကြောင့် တပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးသည်ဟု ကနဦးသတင်းရကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း အထိအခိုက်အကျအဆုံးစာရင်းကို နှစ်ဖက်လုံးမှ ထုတ်ပြန်ခြင်းမရှိသော်လည်း ဂုတ်တွင်းရဲစခန်းတွင်ပင် သေဆုံးသူ (၁၁)လောင်း တွေ့ရှိကြောင်း အဆိုပါနေရာသို့ သွားရောက်ကူညီခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စည်းမခြား ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံထားရစဉ်။ ဓါတ်ပုံ – Shar Htat Paing.