ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ နှစ်ရက်ကြာ လာရောက်မည်

ပါရမီဆန်း၊ သြဂုတ်-၁၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်(၁၆)နှင့် (၁၇)ရက်များတွင် မန္တလေးမြိုှုသို့ နှစ်ရက်ကြာ လာရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်(၁၆)ရက်တွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပမည့် ကင်းထောက်လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်သည်။ ထို့အပြင် သြဂုတ်(၁၇)ရက်တွင် မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပမည့် အာဆီယံအစားအစာပွဲတော် ၂၀၁၉(မန္တလေး)သို့လည်း တက်ရောက်မည်ဖြစ်သည်။ အာဆီယံအစားအစာပွဲတော်ကို ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၊ မန္တလေးတိုင်းအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးမြို့သို့ လာရောက်သည့် ခရီးစဉ်အတွင်း မန္တလေးမြို့ခံ စာရေးဆရာများနှင့် တွေ့ဆုံမည်ဖြစ်သလို မန္တလေးမြို့ အနုပညာအထက်တန်းကျောင်း (ပန်တျာကျောင်း)သို့လည်း သွားရောက်လည်ပါတ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း စာရေးဆရာများနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာက စာရေးဆရာအချို့ကို နေပြည်တော်သို့ ဖိတ်ကြားတွေ့ဆုံခဲ့သလို ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရန်ကုန်မြို့ခံ စာရေးဆရာများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။

ယခုခရီးစဉ်မှာ အစိုးရသက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မန္တလေးမြိုှုသို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်သည်။ ၂၀၁၈သြဂုတ်လအတွင်းက မန္တလေးတက္ကသိုလ်တွင် ကျင်းပခဲ့သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကာ မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ရာတွင် ထောက်ခံဝန်းရံသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပြီး လူအများ ဝိုင်းအုံတိုးဝှေ့၍ ဘုရားဈေးဆိုင်တန်းအချို့ ပျက်စီးသည်အထိ ဖြစ်ပေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ ရန်ကုန်မြို့တွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ – Myanmar State Counsellor Office .

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်