တစ်နိုင်ငံလုံးတွင် ဇာတ်၊သဘင်အနုပညာ လုပ်ငန်း လုပ်ကိုင်သူ တစ်သိန်းဝန်းကျင်ရှိ
ဒီဒါင်းမေ၊ မတ် – ၂၃
Covid-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့်ပတ်သက်၍ အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် လိုက်နာခြင်း မရှိဘဲ ပွဲလမ်းသဘင် အခမ်းအနားများ ဆက်လက် ကပြဖျော်ဖြေသည့် သဘင်အနုပညာများကို အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)က ယနေ့ မတ်လ(၂၃)ရက်တွင် ကြေငြာချက် ထုတ်ပြန်သည်။
Covid-19 ရောဂါသည် လူစုလူဝေးများပြားသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် လူစုလူဝေးနှင့် ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေငြာထားသည်။
သဘင်အနုပညာရှင်များ အနေဖြင့် အထက်ပါ နိုင်ငံတော် သမ္မတရုံး၏ ကြေငြာချက်ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သော်လည်း အချို့မှာ လိုက်နာမှု မရှိသည့်အတွက် ယခုကဲ့သို့ ကြေငြာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက Mandalay In-depth News အား ပြောသည်။
“သဘင်အစည်းအရုံး အဆင့်ဆင့်အောက်မှာ ရှိတဲ့ သဘင်အဖွဲ့အစည်းများ အနေနဲ့ နိုင်ငံတော်ရဲ့ ကြေငြာချက်ကို လိုက်နာပါ။ မလိုက်နာဘူးဆိုရင် သဘင် စည်းမျဉ်းစည်းကမ်းများ အရသော်လည်းကောင်း၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ကြေငြာချက်ပေါ်မှာ သွေဖယ်တဲ့အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ နိုင်ငံတော်အဆင့်ကို တင်ပြပြီးတော့ တည်ဆဲဥပဒေများ အရသော်လည်းကောင်း အရေးယူသွားမယ်ဆိုပြီး ဒီနေ့ ကြေငြာလိုက်တာ ဖြစ်ပါတယ်” ဦးနေဝင်းက ပြောသည်။
သဘင်စည်းမျဉ်း စည်းကမ်းနှင့် နိုင်ငံတော်သမ္မတရုံး ကြေငြာချက်ကို ဖောက်ဖျက်ပြီး ကပြဖျော်ဖြေမှုများ ဆက်လက်လုပ်ဆောင်ပါက အဆိုပါ သဘင်အနုပညာရှင်များကို သဘင် စည်းမျဉ်းစည်းကမ်းအရ အရေးယူမည် ဖြစ်ပြီး ပွဲလမ်းသဘင် ကျင်းပရန် စီစဉ်ပေးသည့်သူများကိုလည်း အရေးယူပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြမည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ပွဲလမ်းသဘင်များ ကျင်းပခွင့် မရသည့်အတွက် ပွဲရှင်နှင့်ပွဲငှားတို့အကြား ဝင်ရောက်ဖြေရှင်း ပေးနေရကြောင်း၊ မန္တလေးတိုင်း သဘင်အစည်းအရုံးတွင် တစ်ရက်လျှင် (၁၀) မှုခန့် ဖြေရှင်းပေးနေ ရကြောင်း မန္တလေးတိုင်း သဘင်အစည်းအရုံး တာဝန်ရှိသူများက ပြောသည်။
“ခေတ်ပေါ် ရောဂါကြောင့်မို့လို့ ကခွင့်မရှိတဲ့ အပေါ်မှာ ရက်ပြောင်းရက်လွှဲနဲ့ ကမယ်ဆိုရင်လည်း ကျွန်တော်တို့က သဘင်ရာသီဟာ နယုန်လကွယ်မှာ ကုန်ဆုံးတာ ဖြစ်တဲ့အတွက် အဲဒီကာလအတွင်းမှာ ပွင့်လင်းလာခဲ့ရင် ကပြပေးဖို့ အရန်သင့်ပဲ။ လာမယ့်နှစ်ရာသီမှ ပြောင်းမယ်ဆိုရင်လည်း လာမယ့် နှစ်ရာသီရဲ့ ဇာတ်ရင်းကြေး အပြောင်းအလဲပေါ် မူတည်ပြီး လက်ခံစဉ်းစားပေးလို့ ရတဲ့အကြောင်း ဆွေးနွေး ညှိနှိုင်းခိုင်းထားပါတယ် ” ဟု မန္တလေးတိုင်း သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ချင်းပြည်နယ်မှအပ ကျန်တိုင်းနှင့် ပြည်နယ်များတွင် သဘင်အစည်းအရုံးများ ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးတွင် သဘင်လုပ်ငန်းဖြင့် အသက်မွေးသူ တစ်သိန်းဝန်းကျင်ခန့်ရှိသည်။

မန္တလေးမြို့ရှိ ဇာတ်သဘင် ပွဲငှား ကြော်ငြာဆိုင်းဘုတ်များ/ Photo – ဒီဒါင်းမေ
#Mandalay_Indepth_News #ဇာတ်သဘင် #သဘင်အနုပညာရှင် #ပွဲငှား #ပွဲက
.