မန္တလေးတိုင်းတွင် ယာဉ်အန္တရာယ်ကြောင့် တစ်ရက်လျှင် နှစ်ဦးခန့် သေဆုံး၊

ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ယာဉ်တိုက်မှုနှင့် သေဆုံးသူ အရေအတွက် လျော့ကျဟုဆို

ဘုန်းနေ၊ ဇန်နဝါရီ-၁၂

မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်အန္တရာယ်ကြောင့် တစ်ရက်လျှင် လူနှစ်ဦးခန့် သေဆုံးနေပြီး ပြီးခဲ့သည့် ၂၀၁၉အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ (၆၃၀)ကျော် ရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲရုံး (မန္တလေး)မှ ရရှိသည့် စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု (၁၈၇၅)မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၇၆၀) ဦးနှင့်  သေဆုံးသူ (၆၃၁) ဦး ရှိခဲ့သည်။

အဆိုပါ စာရင်းအရ မန္တလေးတိုင်းအတွင်း နေ့စဉ် ယာဉ်တိုက်မှု (၅)မှုနှုန်း ဖြစ်ပွားလျှက်ရှိကာ ယာဉ်အန္တရာယ်ကြောင့် နေ့စဉ် ထိခိုက်ဒဏ်ရာရသူ(၈)ဦးနှင့် သေဆုံးသူ (၂)ဦးခန့် ရှိနေခြင်း ဖြစ်သည်။

သို့သော် ၂၀၁၉တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ပြီးခဲ့သူ ၂၀၁၈နှင့် နှိုင်းယှဉ်လျှင် လူ(၁၀၀)ကျော် လျှော့နည်းခဲ့ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲရုံး (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၈ တွင် မန္တလေးတိုင်းအတွင်း ယာဉ်တိုက်မှု (၂၂၄၃) မှု ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ (၃၄၀၉) ဦး နှင့် သေဆုံးသူ  (၇၄၄)ဦးအထိ ရှိခဲ့သည်ဟု အထက်ပါ ယာဉ်ထိန်းရုံး၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

အများပြည်သူ ယာဉ်အန္တရာယ် လျော့ကျပြီး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရန် ပညာပေးခြင်းနှင့် အရေးယူသည့် လုပ်ငန်းများကို  ပိုမိုလုပ်ဆောင်ခဲ့သောကြောင့် ၂၀၁၈နှင့် နှိုင်းယှဉ်လျှင် ၂၀၁၉အတွင်း ယာဉ်အန္တရာယ်လျော့ကျခဲ့ခြင်း ဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲခွဲ (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အများပြည်သူကလည်း စည်းကမ်း လိုက်နာမှုရှိလာလို့ လျော့နည်းလာတယ်လို့ ပြောလို့ရတယ်” ဟု  ၎င်းက ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ခရိုင်(၇)ခုအနက် ပြင်ဦးလွင်ခရိုင်မှာ ၂၀၁၉အတွင်း ယာဉ်တိုက်မှုနှင့် လူသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု (၃၆၃)မှု ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသူ (၅၆၁) ဦး နှင့်  သေဆုံးသူ (၁၅၇ ) ဦးအထိ  ရှိခဲ့သည်။

Photo – MT

မန္တလေးခရိုင် (၇)မြို့နယ်တွင် ပုသိမ်ကြီးမြို့နယ်မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အများဆုံးဖြစ်ပြီး လူ(၃၄) ဦး ရှိခဲ့ကာ ချမ်းအေးသာစံမြို့နယ်တွင်   သေဆုံးသူ (၁၁)ဦးဖြင့် အနည်းဆုံး ဖြစ်ခဲ့သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၁၉ အောက်တိုဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် လူသုံးဦးသေဆုံးစေခဲ့သည့် ယာဉ်တိုက်မှု/ Photo – MT.

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်