မန္တလေးတွင် (၂၄)နာရီဖွင့်သည့် G&G စတိုးဆိုင် ဓါးပြခြိမ်းခြောက်ကာ ဖုန်းနှင့်ငွေ လုယက်ခံရ၊ ကျူးလွန်သူများ ဖမ်းမမိသေး

မောင်မင်းမော် ၊ စက်တင်ဘာ-၃

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် G&G စတိုးဆိုင်တစ်ဆိုင် ဓားပြခြိမ်းခြောက်ကာ ဖုန်းနှင့်ငွေ လုယက်ခံရမူ စက်တင်ဘာ(၁)ရက် နံနက်တစ်နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ်၊ ထွန်တုန်းရပ်ကွက် ၅၂လမ်းနှင့်၅၃လမ်းကြား၊ မနော်ဟရီလမ်းပေါ်တွင်  (၂၄)နာရီ ဖွင့်လှစ်ထားသည့် G&G စတိုးဆိုင်အတွင်း စက်တင်ဘာ(၁)ရက် နံနက်(၁)နာရီခန့်က ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦး ဈေးရောင်းနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးမှ ခြိမ်းခြောက်လုယက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စတိုးဆိုင်သို့ အမည်မသိ အမျိုးသားသုံးဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ဦးမှာ ဆိုင်ကယ်အနီးတွင် ကျန်ရစ်ခဲ့ကာ နှစ်ဦး ဆိုင်အတွင်းသို့ဝင်ရောက် လုယက်ခဲ့သည်။ လုယက်သူ အမျိုးသားနှစ်ဦးက ဈေးဝယ်မည်ဟု ပြောဆိုကာ ကိုးလက်မခန့်ရှိ ဓားမြှောင်ထုတ်ပြ၍ ဆိုင်အတွင်းရှိ ကောင်တာမှ ငွေကျပ် သုံးသောင်းကျော်နှင့် ဝန်ထမ်းအမျိုးသမီးတစ်ဦးထံမှ ဖုန်းတစ်လုံးကို ဆွဲယူကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ခြိမ်းခြောက်လုယက်သူ သုံးဦးကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ (ကြိုတင်ပြင်ဆင်ကာ ခိုးယူမူ) ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ငွေနှင့်ဖုန်း လုယူထွက်ပြေးသည့် အမျိုးသားသုံးကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ စုံစမ်းနေဆဲသာဖြစ်ကြောင်း အောင်ပင်လယ်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက စက်တင်ဘာ(၃)ရက်တွင် ပြောသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်