ပါရမီဆန်း၊ အောက်တိုဘာ-၈
မန္တလေးမြို့ကို လုံခြုံဘေးကင်းသည့် မြို့တော် (Safe City) ဖြစ်လာစေရေး ဟွာဝေး (Huawei) နည်းပညာ ကုမ္မဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်နေသော်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက် မရရှိသေး၍ ကြန့်ကြာနေသည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“တင်ထားတယ်။ လုပ်ချင်ရဲ့ တန်းလန်းနဲ့ လုပ်လို့မရသေးတာ”ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ကို Safe City အဖြစ် ဖော်ဆောင်နိုင်ရန် ဟွာဝေး (Huawei) ကုမ္မဏီနှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်မည့် စီမံချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ မူဝါဒနှင့် မကိုက်ညီဟုဆိုကာ သဘောတူခွင့်ပြုခြင်း မရှိသေးဘဲ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ကို ကာကွယ်ရေးက မကန့်ကွက်ဘူး။ ပြည်ထဲရေးက မကန့်ကွက်ဘူး။ ပို့၊ဆက်က ကန့်ကွက်တာ ခံနေရတယ်။ ဒါကို ကျော်လွှားနိုင်ဖို့ လုပ်နေတယ်။ ကိုယ့်ဟာကိုယ် လုပ်လို့ မရဘူးလားဆိုတော့ အခြေခံဥပဒေအရ လုပ်လို့မရဘူး။ အဲ့တစ်ချက်က ရှိတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
တိုင်းအစိုးရနှင့် ဟွားဝေးကုမ္မဏီ ပူးပေါင်း၍ မန္တလေးမြို့ကို Safe City အဖြစ် ဖော်ဆောင်မည့် စီမံချက်မှာ မြို့တွင်း လမ်းမများနှင့် လမ်းဆုံမီးပွိုင့်များတွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) အသုံးပြုထားသည့် CCTV ကင်မရာများ တပ်ဆင်ခြင်း အပါအဝင် မြို့လုံခြုံရေးအတွက် အဆင့်မြင့်နည်းပညာ အသုံးပြုမည့် အစီအစဉ်ဖြစ်သည်။

Safe City စီမံချက် ပထမအဆင့်အဖြစ် မန္တလေးစည်ပင်သာယာ နယ်နမိတ်(၆)မြို့နယ်အနက် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်စသည့် (၃)မြို့နယ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး ကျပ်သန်း (၁၉၀၀)ခန့် သုံးစွဲရန် ရည်ရွယ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး၊ Safe City ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်အောင်က ပြောသည်။
“ကန့်ကွက်တယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ Safe City ဆိုတာကို ကောင်းကောင်းမသိဘဲနဲ့ ဒါက နည်းပညာမြင့်တယ်လို့ သွားပြောလိုက်တယ်။ မြင့်တယ်ဆိုတာက AI နည်းပညာ၊ အဲ့ဒီ AI နည်းပညာကို သူတို့ကိုယ်တိုင်က သဘောမပေါက်ဘူး ဖြစ်နေတာ။ ကျွန်တော်တို့ ညှိနှိုင်းလိုက်တယ်၊ ညှိနှိုင်းလိုက်တဲ့ အခါကျတော့ သူတို့ သဘောတူတယ်။ အခုတော့ ပို့ဆက်ကလည်း Agree(သဘောတူ) ဖြစ်နေပြီ။ စုစုပေါင်း ဝန်ကြီးဌာန လေးခုပေါ့။ စီမံ၊ဘဏ္ဍာကလည်း သဘောတူတယ်။ အဲ့တော့ စုစုပေါင်းဆိုရင် ပြည်ထောင်စုအဆင့် ရှေ့နေချုပ်ရုံးကလည်း သဘောတူတယ်။ အခုတော့ ပို့၊ဆက်က မီးစိမ်းပြနေပြီ” ဟု ဦးဇာနည်အောင်က ဆိုသည်။
မန္တလေးမြို့တွင် Safe City စီမံချက် လုပ်ဆောင်ရန် ၂၀၁၈ နှစ်ကုန်ပိုင်းကတည်းက ရဲတပ်ဖွဲ့နှင့် ဟွာဝေးကုမ္မဏီတို့ ပူးပေါင်းကာ အကြိုလေ့လာမူများ လုပ်ဆောင်ထားသည်။

ဟွာဝေးကုမ္မဏီနှင့် ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်မှာ စီးပွားရေးစီမံကိန်း (Project) အနေဖြင့် မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစီမံချက် ဖြစ်သည့်အတွက် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။
လက်ရှိတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှလည်း မန္တလေးမြို့တွင်း ယာဉ်ကြောကြပ်တည်းမူ လျှော့ကျစေရေး AI နည်းပညာသုံး မီးပွိုင့်စနစ်များကို တပ်ဆင်အသုံးပြုနေပြီ ဖြစ်သည်။