မန္တလေးကျောက်စိမ်း ရောင်ချပွဲ ကျပ်သန်း (၂၈၀၀၀) ကျော်ဖိုး ရောင်းချနိုင်ခဲ့ပြီး ပြပွဲပြီးဆုံး

ပါရမီဆန်း၊ အောက်တိုဘာ-၂၉

မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ကျောက်စိမ်း အရိုင်း၊ အချောထည် နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေ  ရောင်းချပွဲတွင် ကျပ်သန်း (၂၈၀၀၀) ကျော်တန်ဖိုးရှိ ကျောက်စိမ်းတွဲများ ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူများက Mandalay In-depth News သို့ ပြောသည်။

အောက်တိုဘာ(၂၃)ရက်မှ (၂၉)ရက်အထိ (၇)ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ ကျောက်စိမ်းကျောက်မျက် ရောင်းချပွဲတွင် ပြသရောင်းချသည့် ကျောက်စိမ်းတွဲများ၏ (၇၀)ရာခိုင်နှုန်းခန့် ရောင်းချနိုင်ခဲ့သည်ဟု ပြပွဲကျင်းပရေး ကျင်းပရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးမျိုးမြင့်နိုင်က ပြောသည်။

မန္တလေးကျောက်စိမ်းရောင်းချပွဲ ကျင်းပနေစဉ်။ Photo - MGJEA - Mandalay.
မန္တလေးကျောက်စိမ်းရောင်းချပွဲ ကျင်းပနေစဉ်။ Photo – MGJEA – Mandalay.

ကျောက်စိမ်းကျောက်မျက် ရောင်းချပွဲတွင် အနိမ့်ဆုံးကြမ်းခင်းဈေး ကျပ်ဆယ်သိန်း သတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲ (၃၀၀၀)ခန့်ကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ပြီး ပြပွဲသို့ တက်ရောက်လာသည့် ကုန်သည်များမှ ကျောက်စိမ်းတွဲ(၂၀၀၀)ကျော်ကို လေလံဆွဲဝယ်ယူခဲ့ကာ ကျောက်မျက်ရောင်းချရသည့် တန်ဖိုး ကျပ်သန်း(၂၈၀၀၀)ကျော် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပြပွဲက တော်တော်ကို အောင်မြင်ပါတယ်။ ကနဦးကတည်းက ဒီပွဲမှာ သိန်းပေါင်း နှစ်သိန်းကျော်၊ နှစ်သိန်းခွဲဖိုးလောက် ရောင်းရဖို့ မှန်းခဲ့ကြတာ။ ခန့်မှန်းထားတဲ့အတိုင်း ရောင်းနိုင်ခဲ့ပါတယ်”ဟု ဦးမျိုးမြင့်နိုင်က ပြောသည်။

မန္တလေးကျောက်စိမ်းရောင်းချပွဲ ကျင်းပနေစဉ်။ Photo - Mandalay Indepth News
Photo – Mandalay Indepth News

ပြပွဲတွင် ပြသရောင်းချသည့် ကျောက်စိမ်းတွဲများအနက် ကျောက်စိမ်းတွဲတစ်တွဲမှာ ကျပ်သိန်း(၃၈၀၀)ကျော်ဖြင့် ရောင်းချနိုင်ဖြင့် ရောင်းချနိုင်ခဲ့ပြီး အမြင့်ဆုံးဈေး ရရှိခဲ့သည်ဟု ပြပွဲကျင်းပရေးကော်မတီမှ သတင်းရရှိသည်။

ပြပွဲတွင် ဝယ်ယူခဲ့သည့် ကျောက်စိမ်းတွဲများကို တစ်လအတွင်း အပြီးသတ်ထုတ်ယူရမည်ဖြစ်ပြီး ငွေပေးငွေချေလုပ်ငန်းများကို ဧရာဝတီဘဏ်တွင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြပွဲတာဝန်ရှိသူများက ဆိုသည်။

မန္တလေးကျောက်စိမ်းရောင်းချပွဲ ကျင်းပနေစဉ်။ Photo - Mandalay Indepth News
Photo – Mandalay Indepth News

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)က ဦးဆောင်ကျင်းပသည့် ပထမအကြိမ် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငြွေဖင့် ရောင်းချပွဲ (မန္တလေး)ကို မန္တလေးကွန်ဗင်ရှင်းစင်တာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြပွဲတွင် ကျောက်စိမ်းအရိုင်းနှင့် အချောထည် အတွဲ(၃၀၀၀)ခန့် ပြသေရောင်းချခဲ့ကာ ကျောက်မျက်ရတနာ အချောထည်ဆိုင်ခန်း၊ ပန်းပုဆိုင်ခန်းနှင့် လက်ဝတ်ရတနာဆိုင်ခန်း (၄၉)ခန်း ခင်းကျင်းပြသရောင်းချခဲ့ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) တာဝန်ရှိသူများက ပြောသည်။

မန္တလေးကျောက်စိမ်းရောင်းချပွဲတွင် ကျောက်မျက်ထုတ်ယူခြင်း၊ အာမခံစပေါ်ငွေ ပြန်လည်ထုတ်ယူခြင်းစသည့် ပြပွဲစည်းကမ်းများမှာ နေပြည်တော်ကျောက်မျက်ပြပွဲများတွင် ကျင့်သုံးသည့် စည်းကမ်းချက်များအတိုင်း ဖြစ်သည်ဟု ဆိုသည်။

မန္တလေးကျောက်စိမ်းရောင်းချပွဲ ကျင်းပနေစဉ်။ Photo – MGJEA – Mandalay

မန္တလေး ကျောက်စိမ်းရောင်းချပွဲတွင် အခွန်ငွေပေးဆောင်မှုနှင့်ပတ်သက်၍ ကျောက်စိမ်းကျောက်မျက် ရောင်းချသူသည် ရတနာအခွန် (၁၁)ရာခိုင်နှုန်း၊ ဝန်ဆောင်ခ(၂)ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ဝယ်ယူသူသည် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

ပထမအကြိမ် ဦးဆောင်ကျင်းပသည့် ကျောက်စိမ်းရောင်းချပွဲ အောင်မြင်သည့်အတွက် တစ်နှစ်လျှင် ပြပွဲသုံးကြိမ်ခန့် နှစ်စဉ် ကျင်းပနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူများက ဆိုသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်