အသံချဲ့စက်နှင့် စတိတ်ခုံ အသုံးပြုခွင့် ပေးချင်သူပေးပြီး မပေးချင်သူ မပေးဘဲဖြစ်နေဟု ပြည်ခိုင်ဖြိုးအမတ်၊ တိုင်းလုံ၊နယ်ဝန်ကြီးဟောင်း ဆို
Mandalay In-depth News၊ စက်တင်ဘာ-၁၆
မန္တလေးတိုင်းဒေသကြီးအတွင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ရရန် ခွင့်ပြုမိန့် လျှောက်ထားရာတွင် ကန့်သတ်ချုပ်ခြယ်မူ များပြားနေသည့်အပေါ် မည်သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး(ဟောင်း)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ် ဦးအောင်ကျော်မိုးက တိုင်းလွှတ်တော်တွင် မေးမြန်းသည်။
ထို့အပြင် ဆန္ဒထုတ်ဖော်ရာတွင် အများသိစေလိုသည့်အတွက် စတိတ်ခုံနှင့် အသံချဲ့စက်များ အသုံးပြုခြင်းဖြစ်ပြီး ထိုသို့ စတိတ်ခုံနှင့် အသံချဲ့စက် အသုံးပြုခွင့်အား ပေးချင်သူပေးပြီး မပေးချင်သူ မပေးဘဲဖြစ်နေသည်မှာ မျှတပါရဲ့လားဟု ဗိုလ်မှူးကြီး(ငြိမ်း)လည်းဖြစ်သည့် မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက မေးခွန်းထုတ်သည်။
မန္တလေးတိုင်းဒေသကြီး (၂၈)မြို့နယ်တွင် စည်းကမ်းချက် (၂၀)ကျော်မှ (၆၀)ကျော်အထိ ပါရှိသည့် ဒေသန္တရအမိန့်များ ထုတ်ပြန်ထားပြီး ယင်းအမိန့်များကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားရာတွင် အဆင်မပြေမူများ ရှိနေကြောင်း ၎င်းက ပြောသည်။
“ငြိမ်းစုစီဥပဒေမှာပါဝင်တဲ့ လိုက်နာရမယ့် အချက်တွေနဲ့ ဒေသန္တရအမိန့်တွေကို ထုတ်ပြန်တဲ့နေရာမှာ ကွဲပြားလွဲမှားသွားတာတွေကို ပြောချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ဟာ ဥပဒေပြုရေးမဏ္ဍိုုင်ဖြစ်လို့. ဥပဒေလမ်းကြောင်း မတိမ်းစောင်းရအောင် ဥပဒေကို လိုသလို အဓိပ္ပါယ်ဖွင့်ပြီး ပြည်သူကို ဘာမှမသိပါဘူး ပုံစံနဲ့ ဥပဒေကို ကျော်လွန်တဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ခြင်းဟာ မလုပ်သင့်တာဖြစ်လို့ တည့်မတ် ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်”ဟု ဦးအောင်ကျော်မိုးက တိုင်းလွှတ်တော်တွင် ပြောသည်။

စက်တင်ဘာ(၁၃)ရက်က ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအား ဒေသန္တရအမိန့်နှင့် စည်းကမ်းချက်များက ကျော်လွန်လွှမ်းမိုးနေခြင်း၊ ကန့်သတ်ချုပ်ချယ်မူ များပြားခြင်းတို့သည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသော နိုင်ငံတစ်ခုအနေဖြင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေမူများအား မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” ၎င်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။
“မန္တလေးခရိုင်အတွင်းမှာ ဆိုရင် ငြိမ်းစုစီ လုပ်မယ်ဆို ကန့်သတ်ချက်တွေ၊ ချုပ်ကိုင်မှုတွေ၊ စည်းကမ်းချင်တွေ များပြားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ငြိမ်းစုစီ လုပ်တော့မယ်ဆိုရင် ခွင့်ပြုချက်ရသော်လည်းပဲ လုပ်ရမယ့်နေရာ၊ ကွင်းဟာ ခွင့်မပြုတာလား၊ ခွင့်ပြုရမယ့်သူကပဲ မသိတာလား၊ မရှိတာလား၊ မသိချင်ယောင် ဆောင်နေတာလား၊ ခရီးလွန်နေတာလား၊ ခရီးလွန်ချင်ယောင် ဆောင်နေတာလား၊ အထက်ကပဲ မပေးတာလား၊ အောက်ကပဲ မတင်ပြရဲတာလား။ သွားမေးလိုက်ရင်တော့ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချနဲ့ အရင်တုန်းက ပြည်သူတွေပြောနေကြ စကားအတိုင်းပဲ ခုချိန်လည်း ပြန်ကြားနေရတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ငြိမ်းစုစီဥပဒေကို ခွင့်ပြုမိန့်တင်သူများကသာ လိုက်နာရန် လိုအပ်ပြီး ခွင့်ပြုမိန့်ပေးသည့် ဌာနဆိုင်ရာများမှ လိုက်နာရန် မလိုအပ်ဘူးလား ဟူ၍လည်း ၎င်းက မေးခွန်းထုတ်သည်။
“ခွင့်ပြုချက်တင်ထားသူတွေက စည်းကမ်းချက်နဲ့ မညီဘူးဆိုရင် အရေးယူဖို့ ပြစ်ဒဏ်တွေ သတ်မှတ်ထားပီးတော့မှ စည်းကမ်းချက်နဲ့အညီ အချိန်မီတင်ပြထားတာကို အချိန်မီပြန်လည် အကြောင်းမကြားဘူးဆိုရင် ဘယ်သူ့ကို ဘယ်ပုဒ်မနဲ့ အရေးယူဆောင်ရွက်နိုင်မလဲ ဆိုတဲ့ အနေထားမျိုးတွေ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ဒါတွေက လက်ရှိ ဒီမိုကရေစီနဲ့ ညီညွတ်ရဲ့လားဆိုတာ ဒီမိုကရေစီလိုလားသူတွေ၊ ဦးဆောင်နေသူတွေကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်”ဟု ဦးအောင်ကျော်မိုးက ဆက်လက်ပြောကြားသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမူနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက မန္တလေးတိုင်းအတွင်း ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်၊ ညွှန်ကြားချက်များသည် ဥပဒေ၊ နည်းဥပဒေများအပေါ် ကျော်လွန်လွှမ်းမိုးမူ မရှိကြောင်း ပြန်လည်ဖြေကြားသည်။
“ဒေသန္တရအမိန့်ပါ စည်းကမ်းချက်များသည် ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများအား ဆန့်ကျင်ကျော်လွန်၍ ထုတ်ပြန်ထားခြင်း မရှိသည့်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်း”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။
အထက်ပါ မေးခွန်းနှင့် ပတ်သက်၍ လွှတ်တော်အမတ် ဦးအောင်ကျော်မိုးမှ ဆက်စပ်မေးခွန်း မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မေးမြန်းခွင့်မရခဲ့ပေ။
ဓါတ်ပုံ – Mandalay Region Hluttaw FB.