မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိသူများအနက် နှစ်ဦးမှာ AA အဖွဲ့မှ တပ်ကြပ်ကြီးနှင့် တပ်သားဖြစ်၊

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေဟု မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော

Mandalay In-depth News၊ စက်တင်ဘာ-၁၄

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အမျိုးသားလေးဦးအနက် နှစ်ဦးမှာ AA (ရခိုင်လက်နက်ကိုင်အဖွဲ့)မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အဆိုပါ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိမူနှင့်ပတ်သက်၍ လူ(၅)ဦးကို ဖမ်းဆီးထားပြီး အကြမ်းဖက်မူ တိုက်ဖျက်ရေး ဥပဒေဖြင့် အမူဖွင့်ထားကာ ဆက်လက်စစ်ဆေးနေဆဲဟု ၎င်းက ဆိုသည်။

“AA က တပ်ကြပ်ကြီးတစ်ယောက် ပါတယ်။ တပ်သားတစ်ယောက် ပါတယ်။ ကျန်တာကတော့ ကူညီတဲ့သူတွေ။ လောလောဆယ် (၅)ယောက်ကို တရားစွဲဆိုထားတယ်။ စစ်ဆေးဆဲပါ”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်၊ လမ်း(၇၀)၊ ဒဿနလမ်း၊ အမှတ်(က-၅/၇၇)   နေအိမ်သို့ သတင်းအရ တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေရာ ဒီတိုနေတာ(၁၀၀၀)၊ ဂြိုဟ်တုဖုန်းကဲ့သို့ ဆက်သွယ်ရေးပစ္စည်းများ၊ မှန်ပြောင်းများနှင့် ယမ်းဟုယူဆရသော အထုပ်များအပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အမျိုးသားလေးဦးကို ဖမ်းဆီးရမိခဲ့သည်။

မန္တလေးမြို့မှာ Logistic Hub (လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော) ဒေသဖြစ်ရာ အထက်ပါ ဖောက်ခွဲရေးပစ္စည်းများနှင့် ပတ်သက်၍ မည်သည့်ဒေသမှ သယ်ယူလာပြီး မည်သည့်ဒေသသို့ ပို့ဆောင်မည်ကို ဆက်လက်စစ်ဆေးနေကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

“တိုင်းရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်ပြီးလုပ်နေတယ်။ ဒီကိစ္စ ဆက်ပြီးတော့ စုံစမ်းနေတယ်။ Logistic Hub ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဖောက်ခွဲရေးပစ္စည်းများမှာ မန္တလေးမြို့တွင် ဖောက်ခွဲရန် ဖြစ်နိုင်ခြေနည်းပြီး အခြားနေရာဒေသ၊ အဖွဲ့အစည်းတစ်ခုခုထံ ပေးပို့ရန် ဖြစ်နိုင်ခြေများကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားသည်။

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများ။ ဓါတ်ပုံ – …..။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်